Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, March 30, 2010

အအေးဝိုင်း(၃) က ရည်စားချိန်းပုံ

အတွေးကိုယ်စီဖြင့် အအေးဆိုင်တွင်း ငြိမ်နေသော သူငယ်ချင်းနှစ်ယောက်သည်..ဟိုဟိုဒီဒီ လျှောက်တွေးနေရာမှ တစ်ယောက်က..

၁။ ။ “အပျိုတွေ၊ စကားပုံအကြောင်းတွေပြောရတာ စိတ်ညစ်တယ်ကွာ..”

၂။ ။ “ဒါဆို မင်းက ဘာအကြောင်းပြောချင်လို့ လဲ?”

၁။ ။ “အင်း........နိုင်ငံရေးအကြောင်းပြောရင် စိတ်မကောင်းဘူးတဲ့...ဒါပေမယ့် ရည်းစားအကြောင်းပြောရင် စိတ်ရွှင်တယ်တဲ့ကွ”

၂။ ။ “မင်းပဲ...စကားပုံတွေ အကြောင်းမပြောဘူးဆို?”

၁။ ။ “ကြားညက်ပြီးပါသွားတာပါကွာ..မင်းကလဲ..”

၂။ ။ “ဆိုတော့..?”

၁။ ။ “ရည်းစားအကြောင်းပဲပြောရအောင်ကွာ”

၂။ ။ “ပြောလေ...”

၁။ ။ “ ငါစဉ်းစားမရတာ တစ်ခုကို တိုင်ပင်ချင်တယ်ကွာ”

၂။ ။ “ဘာကိုလဲ..? ပြောစရာရှိရင် ရှင်းရှင်းပြောပါကွာ..အင်တင်တင်လုပ်မနေနဲ့ ..ဘာလဲ..အအေးမလောက်သေးလို့ လား?”

၁။ ။ “မဟုတ်ပါဘူးကွာ... ငါနားမလည်တာက ရည်းစားအများကြီးရှိတဲ့ကောင်တွေက တစ်ယောက်နဲ့  တစ်ယောက် လာမတွေ့ အောင် ဘယ်လိုများချိန်းကြသလဲဆိုတာပဲကွ”

၂။ ။ “ ဟာ...ဒါက လွယ်လွယ်လေးပါဗျာ”

၁။ ။ “ဟေ......ဘယ်လို လွယ်တာလဲကွ.. လင်းပါအုန်း ဆရာကြီးရယ်”

၂။ ။ “ မပြောခင် ခင်ဗျားကို တစ်ခုမေးမယ်..ခင်ဗျားအလုပ်က ဘယ်အချိန်ပြန်လာလဲ?”

၁။ ။ “ငါး။ ခြောက် နာရီပေါ့ကွာ“

၂။ ။ “ဒါဆို ခင်ဗျား ရည်းစားကို တွေ့ ဖို့ အချိန်ရှိလား?”

၁။ ။ “ ဘယ်ရှိမလဲကွ..အလုပ်က မောမောနဲ့ ဆို ထမင်းစားပြီး အနားယူမှာပေါ့”

၂။ ။ “ရုံးပိတ်ရက်ဆိုရင်ကော?”

၁။ ။ “ရုံးမပိတ်ခင်ကတည်းကကို အစီအစဉ်ဆွဲထားပြီးသားပေါ့ကွာ..မေးစရာလားလို့ ။ ဒါနဲ့ ဘာဆိုင်လို့ လဲကွာ?”

၂။ ။ “ဒါက ဒီလိုရှိတယ်လေ..။ အလုပ်ရှိတဲ့ လူတွေက အချိန်သိပ်မပေးနိုင်ဘူး ဟုတ်တယ်ဟုတ်?”

၁။ ။ “ဟုတ်တယ်လေ... ရည်းစားနဲ့ တွေ့ ဖို့ နေနေသာသာ... ပင်ပန်းလွန်းလို့  သေတော့မယ့်ဟာ..”

၂။ ။ “ ဒါပေမယ့် အလုပ်အားရက်ဆိုရင်တော့ ရည်းစားကို ကောင်းကောင်းအချိန်ပေးနိုင်တယ်မဟုတ်လား?”

၁။ ။ “ ဒါတော့ကွာ ရတောင့်ရခဲ အချိန်လေးကို အကျိုးရှိရှိ အသုံးပြုတတ်တဲ့ အကျင့်ဖြစ်နေတာကိုးကွ...ဟဲဟဲဟဲ”

၂။ ။ “ဟုတ်ပါပြီလေ..ရည်းစားထားတာလဲ စစ်တိုက်ရသလိုပဲဗျ။ ဥာဏ်ရှိရှိနဲ့  အစီအစဉ်သေသေချာချာ လုပ်ရတာပေါ့”

၁။ ။ “အတော်လာတဲ့စကားပါလား။ ပြောစရာရှိတာကိုသာ ပြောပါကွာ..။ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ ။ ”

၂။ ။ “ခုဏက ပြောသွားတဲ့ ဥပမာအတိုင်းပေါ့ဗျာ။ ရည်းစားများများထားဖို့  အစီအစဉ်ရှိရင် အလုပ်လုပ်တဲ့သူကို သာထားဗျ။ အလုပ်မရှိတဲ့ သူကို ထားဖို့ လုံးဝ စိတ်မကူးနဲ့ ”

၁။ ။ “ဘာဖြစ်လို့ လဲကွ... ရည်းစားကို ကပ်စားမလို့ လား?”

၂။ ။ “ဟာ..မဟုတ်တာ... အကျိုးနဲ့ အကြောင်းရှိတယ်လေ။ အလုပ်ရှိတဲ့ ရည်းစားဆိုရင်.. အလုပ်နားရက်မှာပဲ သူတို့ တွေ့ နိုင်မယ် မဟုတ်လား?”

၁။ ။“ ဟုတ်တယ်လေ။ ”

၂။ ။ “ ဒါကြောင့် အလုပ်ရှိတဲ့လူနဲ့  ရည်းစားထားတာတောင် over time (အချိန်ပို) ဆင်းတဲ့ လူနဲ့  အချိန်ပို မဆင်းတဲ့လူရယ်လို့  ခွဲပြီးထားရသေးတယ်ဗျ”

၁။ ။ “ ဘာဖြစ်လို့ ?”

၂။ ။ “တယ်ခက်ပါလားဗျာ။ တစ်ယောက်ကို အလုပ်ဆင်းတဲ့ အချိန်မှာ သွားကြိုပြီး အိမ်ပို့ လိုက်။ ပြီးရင် အချိန်ပို အလုပ်ဆင်းတဲ့ တစ်ယောက် ကို လာစောင့်ပေါ့။ ပြီးတော့ သူ့ ကို အိမ်ပို့ ပေါ့။ အဲဒါဆိုရင် တစ်ယောက်နဲ့  တစ်ယောက် အချိန်တိုက်နေမှာ မဟုတ်ဘူးလေ။ ”

၁။ ။ “အော်...အေးဟုတ်တာပဲ။ ဒါနဲ့  အလုပ်မရှိတဲ့ သူနဲ့  ရည်းစားဖြစ်ရင်ကောကွာ?”

၂။ ။ “ အလုပ်မရှိတဲ့သူဆိုရင် အချိန်တိုင်းအားနေတယ်မဟုတ်လား?”

၁။ ။ “အေး......ဟုတ်တယ်”

၂။ ။ “ဒါပေါ့..သူတို့ က အချိန်တိုင်းအားနေတော့ ဘယ်အချိန်မဆို ဖုန်းလဲ ဆက်နိုင်တယ်၊ ပြီးတော့ ချိန်းနိုင်တယ်လေ။ ကိုယ်က မသွားရင်လဲ အထင်အမြင်က မှားအုန်းမယ်.. မဟုတ်ဘူးလား?”

၁။ ။ “ဒါပေါ့...အမှန်အကန်ပဲ။ ”

၂။ ။“ ဟုတ်တာပေါ့ကွာ..ဒါကြောင့်မို့ လို့  ရည်းစားများချင်ပြီဆိုရင်တော့ အလုပ်ရှိတဲ့သူကို သာရှာဖို့ ပြောတာပေါ့ကွာ”

၁။ ။ “ ဟား...ခုမှပဲ ရှင်းသွားတော့တယ်ကွာ... လာ..ချကွာ”

ဟုဆိုကာ နှစ်ယောက်သား ခွက်တိုက်ရင်း အကုန်မော့်လိုက်သည်။ ပြီးနောက် ကုန်သွားသော အအေးများကို ကြည့်ကာ..

၁။ ။ “ကဲ ငါတို့ လဲ တော်တော်လေးကို ဆွေးနွေးပြီးပြီဆိုတော့ ပြန်ကြရအောင်ကွာ။”

၂။ ။ “ကောင်းသားပဲ”

၁။ ။ “ဟေ့ ငွေရှင်းမယ်ဟေ့”

၎င်းနောက်စားပွဲထိုးလေးရောက်လာတော့ ကျသင့်ငွေများကို ရှင်းလင်း၍ သူငယ်ချင်းနှစ်ယောက် ပြန်သွားခဲ့သည်။ အအေးဆိုင် အရှေ့ ထိုင်ခုံတွင် ထိုင်နေသော စုံတွဲ နှစ်ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ...

မိန်းကလေး။ ။ “ ရှင်တို့  ယောင်္ကျားတွေက ဒီလို ပဲလား?”

ယောင်္ကျားလေး။ ။ “ဟ..မဟုတ်ပါဘူး။ အားလုံးကို သိမ်းကျုံးပြီး မသတ်မှတ်ပါနဲ့ ကွာ”

ဟုအချင်းချင်းပြောကာ ခုဏက သူငယ်ချင်းနှစ်ယောက်ပြောခဲ့သည်များကို နှစ်ယောက်သား ပြန်လည်စဉ်းစားသုံးသပ်ရင်း.. သိတ်စိတ်မှုက ကြီးစိုးသွားသည်။


ရှမ်းကလေး

Sunday, March 28, 2010

အအေးဝိုင်း(၂) က စကားပုံ

လက်ကျန်ကိုသောက်ပြီးသောအခါတွင် သူငယ်ချင်းနှစ်ယောက်သည် အတွေးကိုယ်စီဖြင့်တိတ်ဆိတ်နေကြသည်။ ယနေ့ သည် လမ်းလျှောက်လာရင်းဖြင့် အအေးသောက်ရန်အတွက် အရက်ဆိုင်သို့  မဆီမဆိုင်ရောက်ခဲ့ခြင်းသာဖြစ်သည်။ အရက်သောက်ချင်၍တော့ မဟုတ်။ ကံမကောင်း၍ အရက်ဆိုင်သာရောက်လာသည်။

အရက်သည် လူကိုပူစေသည်။ တကယ့်ပူလောင်သော အရာပင်ဖြစ်သည်။ သို့ သော် သူငယ်ချင်းနှစ်ယောက်က အအေးသောက်လိုသဖြင့် ရေခဲစိမ်လိုက်သည်။ ထို့ ကြောင့် အရက်သည် အပူမဟုတ်တော့... ရေခဲအရှိန်ဖြင့်အအေးဖြစ်သွားလေပြီ။ အအေးကို သောက်ကာ လူပျို အကြောင်းပြောတော့ “အချစ်ကမီးလား?” ဆိုသည့်အတိုင်း လူကိုပူလောင်စေသည်။ အချစ်ထက်ပူသောမီးမရှိ။

သူငယ်ချင်းနှစ်ယောက်သား၊ ကိုယ့်အဖြစ်ကို အပြန်အလှန် ပြောပြီးသောအခါတွင် အချစ်မီး၏ လောင်မှိုက်ခြင်းကိုခံရသောအခါ သောက်ထားသော အအေးများ ပျောက်ကုန်ပြီ။ အချစ်ကြောင့်ရင်ပူတော့ ရင်အေးအောင်ရေစိမ်၍မရ။ ထို့ ကြောင့် ရင်အေးစေရန်အအေးသာ ဆက်သောက် ရတော့မည်။ သောက်ချင်၍တော့မဟုတ် ရင်ထဲက မီးကိုငြိမ်းချင်လို့ သာ.............

၁။ ။ “အချစ်အကြောင်းပြောတော့ ရင်ပူတယ်ဗျာ။ အအေးဆက်သောက်မလား?”

၂။ ။ “ကောင်းတာပေါ့ကွာ... တစ်ပိုင်းပဲရှိသေးတော့ ရင်ကမအေးသေးဘူး...အချစ်ကြောင့်ပဲ ငါ့ရင်တွေပူလောင်နေပြီဆိုတော့ နောက် တစ်ဝက်လောက်သောက်ရင်း ရင်ထဲက မီးကို ငြိမ်းကြတာပေါ့။ ”

၁။ ။ “ ညီလေး............ အအေးနောက်တစ်လုံးဟေ့?”

ဟု လှမ်းမှာပြီးသော အခါတွင် စားပွဲထိုးလေးက အလိုက်သိသိဖြင့် ၀ီစကီနှင့် ရေခဲအပြည့်ထည့်ထားသည့်ခွက်လာချပေးလေသည်။

၁။ ။ “ဟူး.......အော်အချစ်ချစ်... ”

၁။ ။ “ငါတော့ကွာ ဒီမှာ မနေချင်တော့ဘူး...တခြားနေရာကို ပြောင်းတော့မယ်”

၂။ ။ “ ဟာမဟုတ်တာကွာ...မင်းမကြားဖူးဘူးလား? “ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိဆိုတာ?””

၁။ ။ “ဒါပေမယ့် “တရွာမပြောင်း သူကောင်းမဖြစ်ဆိုတာက ရှိသေးတယ်လေကွာ””

၂။ ။ “ ခက်နေပြန်ကောလားဗျာ... “တွင်းဟောင်းရေကြည်အေးမြသည် ” ဆိုတာလဲ ရှိသေးတယ်လေ”

၁။ ။ “ဟာ..ဒါဆို ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာပေါ့ကွ”

၂။ ။ “မင်းမသွားပါနဲ့ ကွာ...ဒီမှနေတာကောင်းပါတယ်.. တခြားနေရာသွားရင် အခက်အခဲကြုံရအုန်းမယ်။ ဒီမှာက အားလုံးလိုလို နဲ့  ရင်းနှီးနေပြီပဲ။ “ခွေးက သခင်ကို မကိုက်” ဆိုတာရှိတာပဲ”

၁။ ။ “ ဘာဆိုင်လို့ လဲကွ?”

၂။ ။ “ ငါဆိုလို တာက..ဒီမှာက အားလုံးနဲ့ ရင်းနှီးနေတော့ ကိုယ့်ကို ကူညီမယ့်သူပဲရှိတယ်..ဒုက္ခပေးမယ့်သူမရှိဘူးလေကွာ...”

၁။ ။ “ဒါပေမယ့်....“ဟောင်သောခွေးမကိုက်”ဆိုကွ? ငါတို့ ရင်းနှီးတာတော့ဟုတ်ပါတယ်..ဒါပေမယ့် ကူညီချင်မှ ကူညီမှာပါကွာ”

၂။ ။ “အဲလောက်လဲ မတွေးပါနဲ့ ကွာ...သူများတခုခုဖြစ်ရင်မင်းက ကူညီမှာလား?”

၁။ ။ “ကူညီမပေါ့ကွ... အချင်းချင်းတွေပဲဟာ”

၂။ ။ “ဒါပေါ့ကွာ... လူဆိုတာက “ကိုယ်လက်တစ်ဘက်မြောက်ရင် သူတို့ လဲ လက်တစ်ဘက်မြောက်တယ်” ဆိုတာ..။ ကိုယ်က ကူညီရင် သူများကလဲ ကိုယ့်ကို ပြန်ကူညီမပေါ့”

၁။ ။ “ဟုတ်ပါပြီ...ဟုတ်ပါပြီ...“တစ်မတ်ပေးရင် တစ်မတ်...တစ်ကျပ်ပေးရင် တစ်ကျပ်” ပေါ့လေ?”

၂။ ။ “ဒါပေါ့ကွာ...”


ဆိုကာ နှစ်ယောက်သား ပြိုင်တူ..အအေးကွက်ကို အကုန်ရှင်းလိုက်သည်။ ပြီးနောက် အတွေးကိုယ်ဆီဖြင့် တိတ်ဆိတ်......




ရှမ်းကလေး

Thursday, March 25, 2010

တိုတောင်းသောအချိန်

ဘ၀ကတိုတောင်းလွန်းတယ်
အမုန်းတရားနဲ့  ရှင်သန်ခဲ့ရင်တော့
လူဖြစ်ရကျိုးဘယ်နပ်မလဲ။

တိုတောင်းချိန်ခါမှာ အချစ်ကိုသာရှာနေလဲ
ဝမ်းနည်းစရာတွေ၊ ပျော်စရာတွေတော့တွေ့ မှာပေါ့။

လူပေါင်းသန်းကုဠေ ကိုယ့်ကိုမှတ်မိဖို့ တော့
ကြိုးစားသင့်တယ်ထင်တယ်။

ခုဘ၀မှာတော့ ရှမ်းကလေး
နောင်ချိန်ဘ၀မှာ ကျော်စွာဖြစ်ခဲ့ရင်တော့
ငါကငါမဟုတ်တော့ဘူးလေ။

နောင်ဘ၀က လုံးဝမသေချာတော့
ဒီဘ၀လေးမှာ ပျော်အောင်နေလို့ လဲ
ကံကမပေးတော့ ဘယ်လိုလုပ်ရမလဲ?။

တိုတောင်းချိန်ခါ မင်းငါ့အနားမှာ
မရှိတော့လဲ ဘ၀ဆိုတာကြီးကို
ရဲရဲရင်ဆိုင်ရင်းနဲ့ 
သမိုင်းမှာ ငါ့နာမည်ရှိချင်တယ်။



ရှမ်းကလေး

Wednesday, March 24, 2010

အအေးဝိုင်းက လူပျိုအကြောင်း

တစ်နေ့ တစ်၌ သူငယ်ချင်းနှစ်ယောက် ပျင်းပျင်းရိရိ ရှိသဖြင့် အပျင်းပြေစေရန်အလို့ ဌာ လမ်းလျှောက်ထွက်လာကြသည်။ တော်တော် လျှောက်မိသွားသောအခါ သူငယ်ချင်းတစ်ယောက်က “ဒီတိုင်းလမ်းလျှောက်နေရင်တော့ ပျင်းစရာကြီး ဆိုင်တစ်ဆိုင်မှာ သွားထိုင်ရအောင် ကွာ” ဟု အဖော်ညိလေသောအခါ မဆိုင်းမတွပင် ကျန်တစ်ယောက်က “ကောင်းသားပဲ” ဟု ထောက်ခံလေသည်။

သို့ သော် သူတို့ ရောက်နေသော နေရာတွင် လဖ္ဘက်ရည်ဆိုင်လဲမရှိ ၊ အအေးဆိုင်လဲ မရှိပဲ အရက်ဆိုင်တစ်ဆိုင်သာ ရှိသည့်အတွက် စိတ်မပါစွာဖြင့်ပင် ဆိုင်သွင်းသို့ ဝင်ခဲ့လေသည်။

ဆိုင်တွင်းရောက်သောအခါ စားပွဲထိုးလေးက “အစ်ကို တို့ ဘာသောက်မလဲမသိဘူး?”

“အအေးရှိလား?” ဟုပြန်မေးသောအခါ

“အအေးတော့မရှိဘူးဗျ။ အပူပဲရှိတယ်” ဟု စားပွဲထိုးကပြန်ဖြေလေသည်။

“အပူဆိုတာက လဖ္ဘက်ရည်တို့ ကို ပြောတာလား?” ဟု ပြန်မေးတော့... “မဟုတ်ပါဘူး... အရက်တို့ ၊ ၀ီစကီ တို့ ကို ပြောတာပါ”

“တခြားဟာမရှိဘူးလား? အရက်သောက်ရင်စိတ်ကောက်တတ်လို့ ကွ”

“အစ်ကိုရယ် အပူခြင်းအတူတူ၊ အရက်လဲ ပူတာပဲဟာ.. ဒါပေမယ့် အစ်ကို့ အတွက် ခက်ခဲမယ်ဆိုရင် အစ်ကိုလိုချင်တဲ့ အအေးဖြစ်သွား အောင်ကျနော် ရေခဲထည့်ပေးမယ်လေ။ ဒါဆိုရင် အစ်ကို့ အနေနဲ့ ၊ အအေးပဲသောက်လာတာပါလို့  ပြန်ပြောလို့ ရတာပေါ့”

“ ဟ... ငါက မလိမ်တတ်ဘူးကွ”

“အစ်ကိုက လိမ်မှ မလိမ်ရပဲဟာ.. ရေခဲထည့်သောက်တာလေ.. ရေခဲထည့်သောက်ရင် အေးသွားတယ်ဆိုတာ ဘယ်သူမဆိုသိပါတယ်” ဟုစားပွဲထိုးလေးက လှလှပပလေးကို စွဲဆောင်ပါတော့တယ်။

အင်း...ဒီတစ်ယောက်က လိမ်တာကို မကြိုက်ဘူး။ ဒါကြောင့် “အေး...ငါအအေးပဲယူမယ်.. အေးတဲ့ဟာ တစ်ခုခုယူခဲ့ကွာ” ဟု ပြောလိုက်ပါသည်။ ထိုအခါ စားပွဲထိုးလေးက ဖန်ခွက်တွင်း ရေခဲအပြည့်ထည့်ထားသည့် အရက်ခွက်ကို ယူလာပေးလေသည်။

ကျန်တစ်ယောက် က သူငယ်ချင်းသောက်တော့လဲ အားနာတတ်သည့်အတိုင်း အနစ်နာခံကာ လိုက်သောက်လိုက်ပါသည်။ (အအေးလေ..)

သို့ နှင့်.......... သူငယ်ချင်းနှစ်ယောက်မှာ ရင်အေးစေရန်အတွက် ၀ီစကီ နှင့် ရေခဲရောထည့်ထားသော အအေးကို အားရပါးရ သောက်ရင်းနှင့်....

၁။ ။ “ဟား......လူပျိုဖြစ်ရတာမလွယ်ပါလားကွာ..” ဟု မဆီမဆိုင်ပြောတော့..

၂။ ။ “ဘာလို့ လဲဗျ? လင်းစမ်းပါအုန်း”

၁။ ။ “ဒီလိုကွ... သွားတဲ့နေရာတိုင်းမှာ လူတွေက ကိုလူပျို မိန်းမ မရသေးဘူးလား? လို့  အမြဲတမ်းမေးနေတာပဲ။ အဲ တစ်ခါတလေ ဆိုရင်သူငယ်ချင်းတွေကတောင် လူပျိုဖြစ်တာ ရှာလို့ ပဲမတွေ့ လား၊ ယူမယ့်သူပဲ မရှိတာလား? လို့ တောင် ကဲ့ရဲ့ ပြောဆိုနေသေး တယ်ကွာ”

၂။ ။ “ဟာ... လူပျိုဖြစ်ရတာ အဲလောက်တောင် ခက်ခဲသလားဗျ?“

၁။ ။ “ ခက်တာပေါ့ကွာ.. လူပျိုဖြစ်တာက အချစ်စစ်ကို စောင့်နေတာလို့ ပြောရင်ဘယ်သူမှကို မယုံကြဘူးပဲ။ ကမ္ဘာကြီးမှာ လူပျို၊ အပျိုတွေအများကြီးရှိပါတယ်။ လူတွေအားလုံးက ကိုယ်ချစ်တဲ့သူနဲ့ ပဲ နေချင်ကြမှာပဲ။ ငါလဲ အဲဒီလူတွေထဲက တစ်ယောက်ပဲကွ”

၂။ ။ “ကျနော်ထင်တာက အတွဲရှိသူတွေတာ စိတ်ညစ်ရတယ်လို့ ထင်နေတာ”

၁။ ။ “ဘယ်လိုလဲကွ.. ငါ့ကို နည်းနည်းပြောပြပါလား”

၂။ ။ “ဒီလိုလေဗျာ... ရည်းစားများတာ ချစ်တတ်လို့ ဆိုတာ မင်းယုံသလား?”

၁။ ။ “ ဒါပေါ့... မချစ်တတ်ရင် ရည်းစားများနိုင်မလားလို့ ။ ဒါပေမယ့် တစ်ခါတည်း သုံး၊ လေးယောက်ထားတာတော့ မဖြစ်သင့်ဘူး”

၂။ ။ “ အဲဒါပေါ့ဗျာ... ကျနော်က တစ်ယောက်ပြီးမှ နောက်တစ်ယောက်ထားတာ။ အဲဒါရည်းစားများတာမှ မဟုတ်ပဲ။ တစ်ယောက်ဆိုမှ တစ်ယောက်ပဲ။ ဗူးဆိုရင် ဖရုံတောင်မပေါက်ဘူးဆိုတဲ့ စကားပုံအတိုင်းပေါ့။ ကျနော်က သူကြီးမိဘပြောတာကို သဝေမသိမ်းအဲလို လိုက်နာတတ်တာ။”

၁။ ။ “ အဲဒါကောင်းတာပေါ့။ ရှေးရိုးလဲ မပယ်နဲ့  ဆိုတဲ့ စကားတောင်ရှိတာပဲဟာ”

၂။ ။ “ခက်တယ်ဗျာ တကယ်ကိုခက်တယ်”

၁။ ။ “ဘာများခက်လဲကွာ။ အတွဲထားတာပဲဟာ အတွဲမရှိတာထက်စာရင်တော့ကောင်းပါသေးတယ်”

၂။ ။ “ မဟုတ်ဘူးဗျ။ အတွဲရှိရင်တောင်မှဗျာ.......ကိုယ့်ထက်အသက်ကြီးတဲ့သူကို ထားတော့.. ဟင်း..ဒီကောင်က မိန်းမကို ခိုကပ် စားမယ့်ကောင်လို့ အပြောခံရတယ်ဗျာ”

၁။ ။ “ဟာ... အဲလိုကြီးလား..? အင်း...အဲဒါတော့ ငါမသိဘူးပဲ။ ဒါဆို အငယ်ထားပေါ့ကွာ”

၂။ ။ “မဟုတ်သေးဘူးဗျ... အငယ်ထားလိုက်တော့လဲ ......ဟင်း...ဒီကောင်တော့ ကလေးတွေကို ဖြားယောင်းနေတယ်လို့  ပြောပြန် တယ်ဗျာ”

၁။ ။ “ ဟာ.......ဒီလိုဆိုရင် ရွယ်တူကော?”

၂။ ။ “ ရွယ်တူထားတော့လဲ.....ဟင်း....ဒီကောင်တော့ သူငယ်ချင်းကိုတောင် မရှောင်ပါလားလို့  ပြောပြန်တယ်”

၁။ ။ “ ဟေ.......။ အမှန်လား?”

၂။ ။ “အမှန်ပေါ့ဗျာ။။။ ငါက လူပျိုကြီးပဲလုပ်တော့မလားလို့  စိတ်ကူးနေတာ။ ခုတော့..............”

၁။ ။ “ အေးကွာ........လူပျို ဖြစ်လဲ အပြစ်ပြောခံရ။ အတွဲရှိတော့လည်း အပြောခံရဆိုတော့.....”

လက်ကျန်ကို နှစ်ယောက်သား မော့သောက်လိုက်ပြီး..... အတွေးကိုယ်စီဖြင့်သာ..ငြိမ်သက်တိတ်ဆိတ်ရင်း။



ရှမ်းကလေး

Saturday, March 6, 2010

ရှာပုံတော် ...

အချစ်ရဲ့  အရသာက
ငါ့အတွက်တော့ ခါးသက်သက်

နေ့ ရက်တိုင်းလဲ ငါကရှာဖွေ
လဲပြိုချိန်တွေလဲ များခဲ့ပြီလေ။

အချစ်စစ်ကိုရှာတော့
မတွေ့ နိုင်တဲ့ငါ့ရဲ့ ဘ၀။

ယုံကြည်မှုလဲ လဲကာပြိုလေတော့
ငါ့စိတ်ကငိုမိသေးတယ်။

အသက်ကြီးတော့ ဦးနှောက်ကဦးဆောင်
မယောင်မလည်နဲ့ ပဲ ငါကျင်လည်ခဲ့တယ်။

အချစ်က စားလို့ မရပေမယ့်
သူမရှိတော့ ခက်ခဲလေတယ်။

ရှာလိုက်အုန်းမယ် တွေ့ တဲ့အချိန်ထိ
အချစ်စစ်ဖြစ်ပါစေလို့ လဲ
ဆုတောင်းမိစဲ။


လေပြေ

Friday, March 5, 2010

သပတ်အတွင်း သတင်းစဉ်....( တဲ့လား? )

တစ်ပါတ်အတွင်း သတင်း အခြေအနေများကိုတင်ပြသွားမှာဖြစ်ပါတယ်။

(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင် ယမန်နေ့ညနေက ပေါက်ကွဲအားအသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာ အနီးတ၀ှိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။ (စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာ ပွဲချင်းပြီးသေဆုံးသွား ခြင်းကြောင့်ဖြစ်၏)အနီးတ၀ိုက်တွင် သွေးသံရဲရဲဖြင့် ပေါင်တစ်ဖက်ပြတ်နေသည်ဟုယူဆပြီး ထောက်လှမ်းရေးမှ အပူတပြင်း စစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်း မှ အချဉ်တို့ထားသော ကြက်ပေါင်တစ်ချောင်းဖြစ်ကြောင်း သိရှိရသည်။ ထိုကြက်ပေါင်အား အတွင်းရေးမှူး(၁) မှ မိန်းမစားရန်အလို့ငှာ သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။

(၂) သဘာပတိနှင့် အဖွဲ့သည် မနေ့ည၁၀ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင် မော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှုအခြေအနေ များကို အငမ်းမရသွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကိုမှာစားခဲ့သည်။

(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိ
ရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပွိုင့်ထောင့်တွင် ပလက်ဖောင်း ဟိုဘက်ဒီဘက်ကိုဆက်သွယ်သော နှစ်ပေခန့်မြင့်သည့် မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန့်ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ အသုံးပြုကျခံသွားမည်ဖြစ်သည်။

(၄) အတွင်းရေမှူး ၁ ဗိုလ်ချုပ်ဗီလိန်သည် အစိုးရမော်တော်ယာဉ်မသုံးရနေ့ ဖြစ်သော လွန်ခဲ့သောသောကြာနေ့က မော်တော်ယာဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်း ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့သည်။

(၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိ စီအန်ဂျီကားများသည် လောင်စာဆီ စားရိတ်သက်သာ သော်လည်း အသုဘ စရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။

(၆) လွန်ခဲ့သောလ က မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များ ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်ကအ၀တ်အထည်ဟုယူဆ
ရသော အ၀တ်ထည်ကိုေ၇ှးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ယမန်နေ့က သဘာပတိသည် သူ၏ ဇနီးသည်ပျောက် သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ၎င်းအ၀တ်ထည်ကို ပြတိုက်မှ ပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။

(၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့အတွက်ဝမ်းမြောက်ကြောင်းသ၀န်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက် ၀မ်းနည်းကြောင်းသ၀န်လွှာနှင့် မှားယွင်း ပို့ဆောင်မိသဖြင့် နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။

(၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီ်းသည် မူလတန်းသင်ရိုးညွှန်းတမ်းများတွင် ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက် အပေါတကာ့အပေါဆုံး သင်ခန်းစာများ ထည့်သွင်းသွားမည်ဟုသိရသည်။ အင်္ဂလိပ်စာ ပိုမိုတတ်မြောက်စေရေးအတွက်လည်း
အင်္ဂလိပ်စာများကို မြန်မာစာများဖြင့်ညပ်၍ သင်ကြားသွားမည်ဟုသိရသည်။

ဥပမာအားဖြင့် မမ Fat Fat ထထ Dance ၊ အကမှာ First ၊ Dance ပါ Dance ပါမမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊
မမ Fat Fat ထထ Dance....အစရှိသောကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။ တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။



ပုံ/
ပျံကျားရေးဝံကြီး




ရှမ်းကလေး (အီးမေးလ် မှ စာအားပြန်လည်၍ ဖော်ပြပါသည်။)