Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, September 4, 2010

ခရီးသွားမှတ်တမ်း= ရန်ကုန် ၁ (လေဆိပ်)

လူတိုင်းကတော့ ကိုယ့်ရဲ့ နိုင်ငံကို ပြန်ရမယ်ဆိုရင်ပျော်တတ်ကြတာ ဓမ္မတာပါ.. အဲဒီထဲမှာ ကျနော်လဲ အပါအ၀င်
ပါပဲလေ။

ကျနော်လိုက်ပါလာတဲ့လေယာဉ်ကြီးကလဲ အဲဒီအချိန်မှာ မြန်မာကြီးပေါ်မှာ ပျံဝဲပြီးရောက်နေပါပြီ။ လေယာဉ်
ပေါ်ကနေ မြင်ရတဲ့ရှုခင်းကတော့ တော်တော်လေးကို စိတ်ချမ်းသာခြင်းအတိနဲ့ ပါဗျာ။

ကဲ..အတိုချုပ်လိုက်ရင်..လေယာဉ်ဆိုက်သွားလေရဲ့ ။

လေယာဉ်ဆိုက်တာနဲ့ ပဲ.. စိတ်ကအရမ်းကို လှုပ်ရှားသွားတယ်။ စိတ်လှုပ်ရှားရတဲ့ အချက်နှစ်ချက်ရှိပါတယ်။

ဒုတိယအချက်က မြန်မာပြည်ကို ပြန်ရောက်ပြီလေ။ စားချင်တာစား..သွားချင်တာသွားပြီး သူငယ်ချင်းတွေနဲ့ 
တွေ့ ရမယ်ဆိုတော့ စိတ်လှုပ်ရှားရတာပေါ့ဗျာ။ (ဒါက ဒုတိယနော်)

ဒုတိယအချက်တွေထက်ကျနော့်ကို ပိုပြီးစိတ်လှုပ်ရှားစေတဲ့ ပထမအချက်ကတော့ လ၀က (လူဝင်မှုကြီးကြပ်)
က ကျနော့်ကို ဘယ်လိုများ ရစ်မှာလဲ ဆိုပြီးတော့ စိတ်လှုပ်ရှားတာ.. လက်မှာချွှေးတွေတောင်ထွက်လေရဲ့ ။

ကြောက်လို့ လားလို့ မေးရင်တော့... ရင်ကော့ပြီးပြောလိုက်မယ်ဗျ... “နည်းနည်းပေါ့”..။ သူတို့ ရဲ့  လက်
ခုပ်လေးထဲမှာ ကိုယ်ကရှိနေတာကိုး။ (လဖ္ဘက်ရည်ဖိုးတွေပေးရင်တော့ ရတာကိုလဲသိပါတယ်။ ဒါပေမယ့် ပိုက်ဆံ
ကမရှိဘူးလေ။ သူငယ်ချင်းကလဲ အပြင်မှာပဲစောင့်နေတော့..လိုရင်ခေါ်ဖို့ ကလဲ သိပ်မဟန်ဘူးဖြစ်နေတာကိုး)

အဲဒါကြောင့်နဲနဲ ကြောက်တာပေါ့နော်။

ကဲ...နောက်ဆုံးတော့ အထုပ်လေးတွေဆွဲပြီးလ၀က ကိုဖြတ်ဖို့ တန်းစီလိုက်ပါတယ်။

အဲ... တန်းစီတဲ့ စတိုင်လ်လဲပြောင်းသွားတယ်ဗျ။ အရင်တုန်းကဆိုရင် ဂိတ်ကနှစ်ခုပဲရှိတာ။ အခုတော့ သုံးခုဖြစ်
သွားပြီ။

လက်ဝဲဖက်က သဘောင်္သားဆိုင်ရာဂိတ်၊ အလုပ်သွားပြီး ခေတ္တခဏပြန်လာသူ/အပြီးပြန်လာသူများ ဂိတ်
(အလယ်မှာ)၊ကျောင်းသား/အလယ်သွားပြီးပြန်လာသူများဂိတ် (ညာဖက်) ဆိုပြီးတော့ခွဲထားတယ်။ ကိုယ့်နဲ့ 
ဆိုင်ရာဆိုင်ရာ ဂိတ်မှာသွားရပ်ရတာပေါ့။

ကျနော်သွားရပ်တဲ့လိုင်းမှာတော့ လူတစ်အုပ်က ကြိုတင်နေရာယူထားလေရဲ့ ။ ကိုယ်ကလဲ အကဲခတ်လိုက်
တော့ တစ်ယောက်ပြီးတစ်ယောက် လ၀က ကို လဖ္ဘက်ရည်ဖိုးပေးနေကြလေရဲ့ ။

နောက်ဆုံးကျနော့်ရှေ့ မှာတစ်ယောက်တည်းရှိလေရဲ့ ။ အရှေ့ ကတစ်ယောက်သွားလေပြီးသောအခါ.. လ၀က
ကလဲ ၄င်းတို့ ၏ထုံးစံကို မပျက်မကွက်ပင်လုပ်လေပြီ၊ လဖ္ဘက်ရည်ဖိုး။ ကျနော့်ရှေ့ ကလူခမျာ ကျနော့်လိုပဲ
တင်ပါရဲ့ ...ပိုက်ဆံမရှိကြောင်းသိသာစေရန်.. သူ့ ၏ ပိုက်ဆံအိတ်ကို ဖြဲပြနေလေသည်။

ဇွဲလုံ့ လ၊ ၀ီရိယရှိသော လ၀ကမှ လူကြီးမင်းများကလဲ..ကြင်နာစွာဖြင့်.. “ဒါဆိုမင်းဘယ်လိုလုပ်မလဲ?.. သူငယ်ချင်း
ပါလာလား?” ..ထိုသူခမျာ သူငယ်ချင်းမရှိဘူးထင်ရဲ့ ..ခေါင်းကိုသာ သွက်လက်စွာခါလိုက်သည်များ.. ခေါင်းပင်
ပြုတ်ထွက်မည်ကို စိုးရိမ်ရလေသည်။

ထိုအခြေအနေကို ကြည့်ပြီးကျနော်လဲ.. သူငယ်ချင်းကို ခေါ်ရန်လှမ်းကြည့်လိုက်တော့.. ကျနော့်ကို စိတ်ချစွာဖြင့်
သူငယ်ချင်းက အထွက်ဝတွင်သွားစောင့်နေလေတော့..ရှာလို့ မရတော့ပါ။ “အင်းအရှေ့ က လူကတဲ့အတိုင်းလိုက်က
ယုံပေါ့လေ” ဤသို့ အားတင်းပြီး..အရှေ့ တို့ ကြည့်လိုက်တော့...

လ၀က လူကြီးမင်းများ...ဇွဲလုံ့ လ ၀ီရိယဆက်ထုတ်နေစဲ။ ကျောက်တုံးအားရေညစ်နေကြလေပြီ။ ရုပ်ရှင်တွင်းက
အတိုင်း... “သွားချင်ရင်..ရှိတာထုတ်” တဲ့။

ထိုသူခမျာလဲ.. တော်တော်ညစ်သည်ကိုခံလိုက်ရလေတော့..ရေနည်းနည်းထွက်လာပါသည်။ “အစိမ်း ၁၀၀” ကို
ပေးလိုက်သည်။ လူကြီးမင်းများကလဲ လူသားချင်းစာနာသောအနေဖြင့်.. ယူလိုက်လေသည်။

ပြီးတော့ အကြွေသွားလဲလေရဲ့ ။ ဘယ်လောက်ယူလိုက်လဲတော့မသိဘူး။ ကိုယ့်အလှည့်ကျရင်သိမှာပါပဲလေဆိုတဲ့
စကားကို စိတ်လှုပ်ရှားစွာဖြင့် ရင်ဝယ်ပိုက်ရင်း.. ခေါင်းကိုငုတ်၊ ရင်ကိုကုတ်ကာ ခပ်သုတ်သုတ်လျှောက်သွားလေ
သည်။ အလှည့်ရောက်ပြီကိုး။

စပြီ...

အဖေနာမည်၊ ဘယ်ကပြန်လာသည်၊ နေရပ်လိပ်စာ။ ရေးထားတာကိုတော့မဖတ်.. ၄င်းတို့ ၏ သြဇာသံ ကြီးများဖြင့်
မေးလေသည်။ စာအုပ်ကို ဟိုလှန်၊ ဒီလှန်လုပ်၏။ ပြီးတော့... “သံရုံးထောက်ခံစာပါလားတဲ့”။

မပါ...ဘာဆိုပါမှ မပါ။ အဲဒါက ဒီလိုရှိတယ်လေ။ ကျနော်မပြန်ခင်..သူငယ်ချင်းအချို့ က ပြန်နှင့်ပြီးသား။ သူတို့ ကို
မေးကြည့်တော့.. ဘာထောက်ခံစာမှမလိုဘူး။ ယူချင်ရင်လဲ ယူလာပေါ့တဲ့။ အင်း...မလိုရင်လဲ မယူဘူးပေါ့လေ။
ပင်ပန်းမယ့်အလုပ်ကို လုပ်တတ်တဲ့အကျင့်မရှိလို့ မယူတာလေ။

ခုတော့..ခံရတော့မယ်ပေါ့လေ။ မျက်နှာကို အချိုမြိန်ဆုံးပြုံး၊ အသံကိုလဲ..ကြားလိုက်ရင်နဲ့ .. လုံးဝသနားသွားစေ
မည့်သံစဉ်ကို အသုံးပြုပြီးဖြေရတယ်လေ။ (ဒါကတော့ ကြုံမှသိမှာပေါ့လေ.. အဲ.. မကြုံပါစေနဲ့ လို့ လူတိုင်းကို
ဆုတောင်းပေးပါတယ်... သူများနိုင်ငံမှာ စိတ်ရှုပ်လို့  ကိုယ့်နိုင်ငံပြန်လာတဲ့လူတွေပဲဟာ)

လ၀က။ ။ “ဒီမှာ ဘယ်လောက်ကြာမလဲ?”

ရောခက်ပြီ..ကိုယ့်နိုင်ငံပြန်လာတာ..ဟိုတယ်လာတည်းတာကြနေတာပဲ..

ကျနော်။ ။ “တစ်လလောက်ပါ” (အမှန်က အပြီးပြန်တာလေ။ အပြီးပြန်တယ်ပြောရင်သူတို့ က ရစ်နေအုန်း
မှာစိုးလို့ )

လ၀က။ ။ “ထောက်ခံစာတွေပါလာလား?”

ကျနော်။ ။ “မပါလာဘူးဗျ”

လ၀က။ ။ “ဘယ်တော့ပြန်သွားမလဲ?”

ကျနော်။ ။ “နောက်လမှာ” (တစ်လလာနေပါမယ်ဆိုမှ ဘယ့်နဲ့ ဒီလူတွေတော့)

“အကိုကြီး သူ့ မှ ဗီဇာကျန်သေးတယ်ဗျ၊ နောက်နှစ်အထိ” အခြားလ၀ကပြောလိုက်တော့...အခြေအနေတော့
ကောင်းသွားပြီဟု စိတ်တွင်းမှတ်လိုက်လေသည်။

သို့ နှင့်.. ကျနော့်အားချိုသာစွာဖြင့် “အေးပြန်ရင်တော့.. D Form လုပ်ဖို့ မမေ့နဲ့ နော်..ငါ့ညီ.. ကဲကဲ..)

လဖ္ဘက်ရည်ဖိုးမလာခင်..ကျနော်လဲကြားဖြတ်ပြီး “ဟုတ်ကဲ့.. ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျ” ဟုပြောကာ
သူတို့  စိတ်မပြောင်းခင် သုတ်ခြေတင်လိုက်လေတော့သည်။

ပထမအဆင့်တော့ ပြီးသွားလေပြီ။ ဒုတိယကတော့ အကောက်ခွန်။ ကျနော့်မှာတော့ ဘာမှမပါ၊ ပါလေ။ ဒါပေမယ့်
ကံမကောင်းရင်..မကောင်းသလိုတော့ အရစ်ခံနိုင်ရတယ်လေ။

ပြောရအုန်းမယ်..လေယာဉ်ပေါ်ကနေမဆင်းခင်ကတည်းက..ဘုရားကို အာရုံပြု..တရားစာတွေရွှတ်လာတာဗျ။
မြန်မာနိုင်ငံမှက ဘာမဆိုဖြစ်နိုင်တယ်လေ။ ကံကောင်းမှ.. ကံမကောင်းရင်.ခံရမှာကိုး။

ပြီးရင်ကျနော်က ရန်ကုန်အထာကိုလဲသိပ်မသိဘူးလေ။ ကျောထောက်နောက်ခံ..လဲမရှိဘူးလေ.. ဟိုလူ့ ကို
သိတယ်..ဒီလူ့ ကိုသိတယ်လို့ ပြောဖို့ ကလဲ မရှိဘူးလေ။ ဒါကြောင့်မို့ ဒီလိုတွေဖြစ်နေတာလားမသိပါဘူး။

ထားပါတော့...ဆက်ရအောင်

နောက်ဆုံးတော့ ကိုယ့်အထုတ်တွေကိုယူပြီး..လှည်းပေါ်တင်။ ပြီးတော့ ခေါင်းနဲနဲမော့..ရင်လေးကော့ပြီးတော့
အကောက်ခွန်ကိုဖြတ်ဖို့ လုပ်ပါတော့တယ်။

မဖြတ်ခင်အကောက်ခွန်မှာစောင့်တဲ့လူကိုတော့ နည်းနည်းအကဲခတ်ရတာပေါ့။ ကျနော်ယုံကြည်ထားတာက
မိန်းကလေးဆိုရင်သဘောကောင်းတယ်။ ဘာကြောင့်အဲလိုပြောလဲဆိုရင်တော့ ၁) ကျနော်ထင်လို့ လေ
(မဆိုင်ဘူးလား) ၂) မိန်းကလေးအနေနဲ့ လဖ္ဘရည်ဖိုးတောင်းတာမရှိဘူး ၃) ရစ်လေ့မရှိဘူး ဒါပါပဲ။

ဖြစ်ချင်တော့..အမတစ်ယောက်ထိုင်နေတဲ့ အကောက်ခွန်ကို တွေ့ တာနဲ့  ကျနော်လဲအဲဒီကနေ ဖြတ်မယ်လို့ 
ဆုံးဖြတ်လိုက်တယ်။ ကျနော်သွားတော့ ပထမဆုံး လူကိုကြည့်တယ်။ ပြီးတော့ ပစ္စည်းတွေကိုကြည့်တယ်။

ဒါပဲ ဘာမှ မပြောဘူး။ ပြီးတော့ ခေါင်းညိတ်ပြတယ်။ ၀မ်းသာသွားတာပေါ့ဗျာ။ ၀မ်းသာလို့ မပြီးသေးဘူး
လူကြီးမင်းတစ်ယောက် လမ်းလျှောက်လာတယ်။ မျက်နှာအမူအရာကတော့ ရစ်မယ်ဆိုတဲ့ပုံစံပါပဲ။

ကျနော်ကလဲ..နဲနဲတော့လျင်ပါတယ်။ သူမရောက်ခင်..ကိုယ်က အမြန်လစ်ရတော့တာပေါ့။ တော်ပါသေးရဲ့ 
ဗျာ..ပတ်ဝန်းကျင်ကို အမြဲအကဲခတ်နေလို့ ။ အင်း... ဘုရားဟောထားတဲ့အတိုင်း... အမြဲတမ်း သတိရှိနေရ
မယ်ဆိုတာ..တော်တော်လေးကိုမှန်တယ်ဗျာ။

အဲလိုနဲ့  အပြင်ဘက်ကိုရောက်လာပါတော့တယ်။ အပြင်ရောက်မှပဲ.. “ဟူး................” ဆိုပြီးတော့ လေလုံး
ကြီးကြီးကို မှုတ်ထုတ်နိုင်တော့တယ်။ အဲ..အဲဒီအချိန်ထိ စိတ်မချသေးဘူး။

ကားဌားလိုက်တယ်။ ကားသမားတွေကလဲ..ဈေးစစ်မှာမှန်းသိလို့ လားမသိ..ဈေးကို တင်ပြီးပြောထားတယ်။
ပြီးရင်တော့.. ဒီလောက်မပေးရင်...မလိုက်ဘူး.. ဘာလေးညာလေးလုပ်တယ်။ ပြီးရင်လဲ..အနားမှာ တရစ်ဝဲ၀ဲ
လာလုပ်သေးတယ်။

ပြီးတော့ အလျှော့ပေးလိုက်မယ်လေပုံစံလေးနဲ့  လိုက်မယ်ဆိုပြီးလာတာပေါ့ဗျာ။ အဲလိုနဲ့  လေအေးစက်မရှိ
ပေမယ့်...သဘာဝလေကြီးကို အ၀ရှုသွင်းလိုက်ပြီးတော့.. လေဆိပ်ကနေထွက်လာနိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ ....ကားလေးကလဲ..တရိပ်ရိပ်ပြေးရင်း...လေယာဉ်ကွင်းကြီးကို နောက်မှာချန်ထားခဲ့တော့မှပဲ... ဟူး...
မြန်မာပြည်ကို ခုမှပဲရောက်တော့တယ်လို့ ... ညီးညူလိုက်နိုင်ပါတော့တယ်ဗျာ။




ရယ်နိုင်၊ ပြုံးနိုင်ပြီး၊ အစစ၊ အရာရာ ကြိုတင်ပြင်ဆင်နိုင်ပါစေဗျာ


ရှမ်းကလေး

(ဆက်လက်တင်ပြပါအုန်းမည်)

1 comment:

Sai Mawn said...

သူငယ်ချင်း ရှမ်းကလေးရယ် နားလည်တယ် ဒီလိုဖြစ်မယ်ဆိုတာ ဘယ်သူက လုပ်ထားတာလဲ အဖြေရှာကြည့်ရအောင်နော်-
ခင်ဗျား ဝပ်ဆိုဒ်က တော်တော်ကောင်းတယ် အမြဲတမ်းအားပေးနေမယ် ကြိုးစားပါလို့ပြောချင်ပါတယ် တခုက ကိုယ့်ကိုကိုယ် အမြဲတမ်းမြင့်တင်နေရမယ် ကိုယ့်ယုံကြည်ချက်အပေါ်မှာ ရပ်တည်နေရမယ် နှစ်အချက်က ကိုယ့်အမျိုးကိုလဲ မမေ့ရဘူးနော့် ဘယ်နေရာ ဘယ်ဒေသပဲ ရောက်ရောက် ကိုယ်က ကိုယ့်အမျိုးသားအတွက် တဖက်တလမ်းကနေ ဘယ်လိုလုပ်ရမလဲဆိုတာ ကိုလဲ ဦးနှောက်ထဲမှာ ထည့်ထားစေချင်ပါတယ် ညီလေးကို အမြဲတမ်းအားပေးနေမယ်နော်
လေးစားလျှက်
စိုင်းမော် (န်)