Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, November 22, 2011

သဘာဝ ပိုးနှင်ဆေးလုပ်နည်း

ရှမ်းကလေးတို့ များ.. သဘာဝပိုးနှင်ဆေးတွေ၊ မြေသြဇာတွေရေးနေပုံထောက်တော့ ရေဆင်းကကျောင်းပြီးလာတာလား
လို့ ....မထင်လိုက်ပါနဲ့ ။ ခုက အလုပ်သင်လာလုပ်တာ..ဖြစ်ချင်တော့ စိုက်ပျိုးရေးပိုင်းကို အခွင့်ကြုံလို့ သင်ခွင့်ရတာနဲ့  ရ
ရှိလာတဲ့ အသိပညာတွေကို သူငယ်ချင်းများအတွက် အသုံးဝင်နိုင်မယ်ထင်လို့ ဝေမျှပေးလိုက်ပါတယ်ဗျာ။ (အဲခက်တာ
က မြန်မာနိုင်ငံမှာ ကျနော့် ဘလော့လ်လေးကို ဖွင့်ဖတ်လို့ မရတာပဲ။ အနာတခြား၊ ဆေးတခြားဖြစ်မှာကိုတော့ စိုးရိမ်ပါတယ်
ဒါပေမယ့်လဲ..အနည်းနဲ့ အများတော့ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်ဗျာ။

သဘာဝပိုးနှင်ဆေးဆိုတဲ့အတိုင်း ပိုးတွေကိုသတ်ဖို့ တော့ မဟုတ်ပါဘူး။ စိုက်ပျိုးရေးမှာ ကျနော်တို့ အနေနဲ့  ယုံကြည်
တာကတော့ အကောင်တိုင်းဟာ..သူ့ နေရာနဲ့ သူ အကျိုးပေးတယ်။ ဒါကြောင့် ပိုးတွေသတ်ခြင်းကိုမပြုပဲ နှင်ယုံကလေး
နှင်တာပါ။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ထုံးစံအတိုင်း အလွယ်တကူရယူနိုင်တဲ့ ပစ္စည်းများဖြစ်ပါတယ်။

အောက်ကပုံကို ကြည့်ခြင်းအားဖြင့် ဘယ်အရာတွေလိုအပ်တယ်ဆိုတာ မိတ်ဆွေတို့  သိကြမှာပါ။



လိုအပ်သောပစ္စည်းများ

၁) ဂျင်း ၁ ကီလို
၂) ကြက်သွန်ဖြူ ၁ ကီလို
၃) သကြား ၀.၆ ကီလို (အညှိရောင်သကြားဖြစ်ရင်ပိုကောင်း)
၎) စပါးအရက် ၂ လီတာ (ပြင်းလေကောင်းလေ)
၅) ငရုတ်စုံ

လုပ်နည်း။ ။ ............

ပထမဆုံးအနေနဲ့  ဂျင်းကို ထောင်းပြီးထည့်စရာ ဗူးတစ်ခုခုမှာထည့်ထားပါ။ ပြီးလျင်၊ သကြား ၀.၃ ကီလို ထည့်ပါ။ ၄င်း
နောက် အ၀တ်စ (၀ါ) ခြင်ထောင်စ ဖြင့်ဖုံးထားပါ။ ၂၄ နာရီ (၁ ရက်) ထားပြီးပါက အရက် ၁/၄ ပုံကိုထည့်ပါ။ ရ ရက်
တစ်ပတ်ကျော်သွားပါက လက်ကျန်အရက်များကိုထည့်ပါ။

ဒုတိယအဆင့်အနေနဲ့  ကြက်သွန်ဖြူကို ထောင်းပြီးထည့်စရာ ဗူးတစ်ခုခုမှာထည့်ထားပါ။ ပြီးလျင်၊ သကြား ၀.၃ ကီလို
ထည့်ပါ။ ၄င်းနောက် အ၀တ်စ (၀ါ) ခြင်ထောင်စ ဖြင့်ဖုံးထားပါ။ ၂၄ နာရီ (၁ ရက်) ထားပြီးပါက အရက် ၁/၄ ပုံကိုထည့်ပါ။
ရ ရက်၊ တစ်ပတ်ကျော်သွားပါက လက်ကျန်အရက်များကိုထည့်ပါ။



ရက်ပေါင်း၂၀ ကြာလျှင် အသုံးပြုသော ပစ္စည်းများကြေမွသွားမည်ဖြစ်ပြီး အပေါ်မှပုံအတိုင်း အရည်သာကျန်နေမည်ဖြစ်
သည်။ ထိုအဆင့်တွင် သဘာဝ ပိုးနှင်ဆေးသည် အသုံးပြုရန် အသင့်ပင်ဖြစ်သည်။

အသုံးပြုနည်း

ကြက်သွန်ဖြူ ၂၀ စီစီ (cc) ကို ဂျင်းရည် ၂၀ စီစီနှင့်ရောပါ။ ၄င်းနောက် ရေ ၁၀ လီတာနှင့်ရောကာ အပင်များကို ပတ်ဖြန်း
နိုင်ပါသည်။

ဒီဆေးရည်က အလွန်ပြင်းတဲ့အတွက် များများထည့်ရင် အပင်တွေကို သေစေနိုင်ပါတယ်။ (မှတ်ချက်။ ။ ဖြန်းချိန်တွင်
အမျိုးသားကို မလုပ်စေရ။ အကြောင်းမှာ စိုက်ခင်းမရောက်ခင် လမ်းခုလတ်တွင် ၄င်းတို့ သောက်လိုက်မည်ကို စိုးရိမ်
ရ၍ဖြစ်သည်။ )

အားသာချက်။ ။

- အကုန်အကျသက်သာပြီးတော့ လွယ်လွယ်ကူကူရနိုင်သော ပစ္စည်းများဖြင့်ပြုလုပ်နိုင်ခြင်း
- ဖြန်းသူအတွက် ကျန်းမာရေးမစိုးရိမ်ရခြင်း
- စားသုံးသူများအတွက်လဲ ဓါတုပစ္စည်းများအရွက်ပေါ်တွင် ထင်ကျန်မည့်ဘေးကို စိုးရိမ်စရာမလိုခြင်း


ရှမ်းကလေး

သဘာဝမြေသြဇာလုပ်နည်း..

ကဲစာဖတ်ပရိတ်သတ်တို့ ရေ.. ဒီနေ့ တော့ အားလုံးလိုလိုသိထားသင့်တဲ့ အရာတစ်ခုလေးကိုပြန်လည်ဝေမျှပေးလိုက်ပါ
တယ်ခင်ဗျာ။ ဒါကတော့ သဘာဝမြေသြဇာလုပ်နည်းဖြစ်ပါတယ်။ အားလုံးနဲ့  သက်ဆိုင်တယ်ဆိုတာကလဲ.. လူသားတိုင်း
က အသက်ဆက်ဖို့ အတွက် စားပြီး၊ သောက်နေရလေတော့ ကိုယ့်အနေနဲ့  ကံကောင်းထောက်မလို့  ကိုယ်စားဖို့ ကိုယ်
တိုင်စိုက်ပျိုးခဲ့ရင်..အသုံးပြုလို့ ရအောင်ပါ။

အသုံးပြုတဲ့ပစ္စည်းများကတော့

၁) အစိမ်းရောင်ရှိသော အရွက်များ (မြက်ပင်၊ ပေါင်းပင်တွေပေါ့ဗျာ.. စိမ်းရင်ပြီးတာပါပဲ။ ဘာဖြစ်လို့ လဲဆိုတော့ အစိမ်း
ရောင်ရှိတဲ့အပင်တွေဟာ..အဟာရတွေရှိနေသေးတယ်လေ)
၂) နွား၊ ကျွှဲ မစင်များ (တခြားတရိစ္ဆာန် မစင်တွေက များများစုဆောင်းရတာခက်တယ်လေ)
၃) ရေ

လိုအပ်တဲ့ပစ္စည်းတွေကတော့ ကျနော်တို့ ပတ်ဝန်းကျင်မှာလွယ်လွယ်ကူကူနဲ့ ရရှိနိုင်တဲ့ပစ္စည်းများဖြစ်ပြီး ငွေကုန်စရာလဲ
မလိုဘူး။ လုပ်အားပဲစိုက်ထုတ်ရတာပေါ့ဗျာ။

၁) ပဏာမအဆင့်အနေနဲ့  အသုံးပြုမယ့်အပင်ကို သေးငယ်အောင်ပိုင်းရပါတယ်။ အဲဒါမှ မြန်မြန်ကြေမွပြီး..မြန်မြန်အသုံး
ပြုလို့ ရအောင်ပါ။ ပြီးရင်..ခုတ်ပိုင်းပြီးတဲ့ အပင်တွေကို အောက်ကပုံအတိုင်းသင့်တော်တဲ့အရွယ်အစားပုံရပါတယ်။
အောက်ခြေက အရမ်းကျယ်စရာမလိုပါဘူး။ အဓိကက အမြင့် မြင့်ဖို့ သာလို ပါတယ်။ မြင့်တဲ့အခါမှာ ဖိအားတွေကြောင့်
အပူတွေဖြစ်ပေါ်လာမှာဖြစ်ပြီး.. ပိုးတွေကို သတ်မှာဖြစ်ပါတယ်။



အရွက်စိမ်းတွေကို သင့်လျော်တဲ့ အရွယ်ပုံပြီးရင်တော့ အရွက်ပေါ်မှာ တရိစ္ဆာန်မစင်တွေကိုထည့်ပါတယ်။ ပမာဏအားဖြင့်
တော့ အရွက်အထူက ၂ ဆိုရင်.. မစင်ရဲ့ အထူက ၁ ပါ။



မစင်ထည့်ပြီးရင်တော့ အပေါ်ကအတိုင်းပဲ..ရေလောင်းပေးရပါတယ်။ စိုစွတ်မှုရှိအောင်ပါ။ ရေလောင်းတဲ့အခါမှာ သင့်
လျော်သလောက်သာလောင်းရပါတယ်။ ရေအရမ်းစိုပြီး၊ ရေတွေ စီးကျ၊ ထွက်သွားတဲ့ အထိ မလုပ်ရပါဘူး။ ရေ နှစ်ပုန်း
လောက်ဆိုရင်ရပါပြီ။ (မစင်က အစိုဆိုရင် နှစ်ပုံးလောက်နဲ့  ရပြီး၊ ခြောက်နေရင်တော့ နဲနဲများများလောင်းပါ။ )



အဲဒါပြီးရင်တော့ အပေါ်က အဆင့်တွေကိုပြန်လည်လုပ်ဖို့ ပါပဲ။ မစင်ပေါ်ကို သစ်ရွက်စိမ်းထည့်၊ သစ်ရွက်စိမ်းပေါ်မှာမစင်
တည့်ပြီး ရေလောင်း၊ ပြီးရင်.. အပေါ်မှာ အရွက်စိမ်းထည့်၊ အရွက်စိမ်းပေါ်မှာ မစင်ထည့်၊ ပြီးရင်ရေလောင်း။



ကဲလွယ်တယ်မဟုတ်လား သူငယ်ချင်း?။ အဲ..တစ်ခု သတိပြုရမှာက အပေါ်ဆုံးအလွှာက သစ်ရွက်စိမ်းဖြစ်ရပါမယ်။ ပြီး
ရင်..မိုးကို ကာကွယ်ဖို့ နဲ့ .. အပူများများထွက်အောင်..တစ်ခုခုနဲ့  ဖုံးအုပ်ထားရပါတယ်။ (ကွန်နီအိတ် နဲ့ ဆိုရင်ပိုအဆင်
ပြေပါတယ်။ ဒါမှမဟုတ်၊ မြေသြဇာလုပ်တဲ့အချိန်မှာ.. အရိပ်ရှိတဲ့နေရာမှာလုပ်ရင်လဲ အိုကေပါတယ်)။

...........................................................

သူငယ်ချင်းတို့ ရေ.. လုပ်ပြီးသွားရင်လဲ ..ဒီလို ပြစ်ထားလို့ မရပြန်ဘူးဗျ။ တစ်ချို့ အဆင့်တွေကိုလုပ်ရပါသေးတယ်။

၁) ပြုလုပ်ပြီး ၄ ရက်ကြာသောအခါ.. အပေါ်အောက်လှန်ပေးရပါတယ်။ ဒီလိုလှန်တဲ့အခါမှာ အပေါ်ကနေတစ်ဆင့်ခြင်းယူ
ရပါတယ်။ အပေါ်ကအရွက်စိမ်းတွေကိုယူပြီး အောက်ခြေလုပ်...အဲလိုနဲ့  အောက်မှာရှိတဲ့အရွက်တွေက အပေါ်ကိုရောက်
သွားမှာပေါ့ဗျာ။



ဒါကတော့ ၄ ရက်လွန်သွားတဲ့အခါမှာ တွေ့ ရမယ့်ပုံစံဖြစ်ပါတယ်။



အပေါ်ကပုံကတော့ အထက်အောက်စပြီး လှန်နေတာပါ။ အပေါ်ကအတိုင်း..တစ်လွှာခြင်းလှန်ရပါတယ်။



ဒါကတော့ လှန်ပြီးသွားတဲ့ပုံဖြစ်ပါတယ်။

၂) နောက် ၄ ရက်ကြာပြီးတဲ့အခါမှာ နောက်တစ်ခေါက်ထပ်လှန်ပေးရပါတယ်။
၃) နောက် ၂ ရက်ကြာရင် အထက်အောက်လှန်ပါ။
၎) နောက် ၂ ရက်ကြာရင် အထက်အောက်လှန်ပါ။
၅) နောက် ၂ ရက်ကြာ ရင် အထက်အောက်လှန်ပါ။
၆) နောက် ၂ ရက်ကြာရင် အထက်အောက်လှန်ပါ။

အဆင့် ၆ ထိ လုပ်ပြီးသွားရင်တော့ အသုံးပြုဖို့ အဆင်သင့်ဖြစ်ပါပြီ။

အသုံးပြုနည်း။ ။ စိုက်ခင်းပေါ်မှာ အပင်မစိုက်ခင်ထည့်ပေးရပါတယ်။ (မြေကြီးနဲ့ ရောနှယ်ရင်... ပိုးတွေမသေသေးမှာ
စိုးလို့  မနယ်သာပါ။ ) ပြီးရင်တော့ အပင်စိုက်။ အပင်စိုက်ပြီးသွားတဲ့အခါမှာ တစ်ခုခုနဲ့ ဖုံးအုပ်ပေးနိုင်ရင်ရောင်းပါတယ်။
ဘာနဲ့ ဖုံးအုပ်ပေးရမလဲဆိုရင်..မြက်ပင် (၀ါ) ကောက်ရိုး စသဖြင့်အသုံးပြုလို့ ရပါတယ်။ ဖုံးအုပ်ပေးတဲ့ရည်ရွယ်ချက်က
တော့.... မြေသြဇာကို လေတိုက်စားမှာကို ကာကွယ်ဖို့ နဲ့ ။ မြေကြီးကို နေလောင်ဒဏ်ကနေ ကာကွယ်ဖို့ ပါ။

သီးပင်တွေမှာထည့်မယ်ဆိုရင်တော့..အပင်ရဲ့ ပတ်လည်မှာ တွင်းတူးပြီးထည့်ပေးလို့ လဲ ရပါတယ်ခင်ဗျာ။

ရှမ်းကလေး

Monday, November 21, 2011

ရန်ကုန် (၆) အလုပ်ရှာပုံတော် အပိုင်း (၂)

စာဖတ်ပရိတ်သတ်တို့ ရေ..ဟိုးအရင်တုန်းကတော့ ရန်ကုန်မှာအလုပ်ရှာရဘယ်လောက်ခက်တယ်.. ဘာတွေပြင်ဆင်
သင့်တယ်ဆိုတာတွေကို စာဖတ်ပရိတ်သတ်တို့ အားဝေမျှပြီးသွားပြီဆိုတော့.. အခုက ဒုတိယပိုင်းအနေနဲ့  အလုပ်ခန့် 
တဲ့အခါမှာ ကျနော်တို့ ကြုံတွေ့ ရတဲ့.. အတွေ့ အကြုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်ဗျာ။

ကဲဘာလိုလိုနဲ့ ပဲ ကျနော်ရှမ်းကလေးလေးဟာ..အလုပ်လုပ်ရသွားပါတော့တယ်။ ကျနော့်ရဲ့  အဓိကအလုပ်ကတော့
ရုံးအုပ်ပေါ့ဗျာ။ အဲ..စီမံခန့် ခွဲရေးတာဝန်ခံပေါ့လေ။ အဲလိုနဲ့ အလုပ်လုပ်လာတဲ့အခါမှာ ကျနော်တို့ မှာ အလုပ်နဲ့ လူ
မလုံလောက်တာနဲ့  လူသစ်ခန့် ဖို့ ဖန်လာပါတော့တယ်ခင်ဗျ။

အဆင့် (၁) လျှောက်လွှာလွှတ်ခြင်း

လူက အရမ်းလိုနေတာနဲ့ ..လျှောက်လွှာတွေလွှတ်မယ်လုပ်တော့.. စဉ်းစားရပြီဗျ။ အလုပ်ကူလုပ်ဖို့ လူရှာတာလေ..
ကိုယ့်ကိုစောင့်ကြည့်ဖို့ လူကိုခေါ်ဖို့ မှ မဟုတ်တာ..ဆိုတော့ နီးရာလူတွေကိုပဲပြောပါတယ်။ လျှောက်လွှာလွှတ်လိုက်ရင်
မဟုတ်တဲ့ လူတွေပါလာမှာစိုးလို့ ပေါ့လေ။ သိတယ်မဟုတ်လား...”သတိဆိုတာ ပိုတယ်မရှိဘူး” ဆိုပဲဗျ။

အဆင့် (၂) လူစစ်ခြင်း

ကဲဖောင်တွေတော့ရလာပြီဗျာ။ ရလာတော့ဖတ်ရတာပေါ့လေ။ အဲဒါမပြောခင်..တစ်ခုသတိရလိုက်လို့ ပြန်ပြီးဝေမျှ
လိုက်ပါအုန်းမယ်။ ”ကျနော်တို့ နိုင်ငံမှာက ဘွဲ့ ရပြီးရင်..သင်တန်းတက်၊ သင်တန်းတက်ပြီးရင် အလုပ်လုပ်၊ အလုပ်
လုပ်ရင်းနဲ့  သင်တန်းဆက်တက်၊ တက်ပြီးတော့နောက်အလုပ်လုပ်.. အဲလိုနဲ့ ချာလပတ်လည်မှ ခေတ်မှီတာဗျ”

ဖောင်တွေဖတ်တဲ့အခါမှာ တစ်ချို့ က ဆေးမှုးနဲ့ ပြီးတယ်..ပြီးတော့ Accounting သင်တန်းတွေတက်ကြ၊ ကွန်ပြူ
တာသင်တန်းတွေတက်ထားတာတွေ့ ရတယ်ဗျ။ ဘယ့်နယ့်..အဲဒါတွေကို စိတ်ဝင်စားရင်..တက္ကသိုလ်မှာ သင်ယူ
ပါလားလို့ ။ ခုတော့ ၄ နှစ်လုံးလုံး တက္ကသိုလ်တက်၊ ငွေတွေကုန်ပြီးရင်း ကျောင်းပြီးသွားလဲ ဆက်ကုန်နေသေးသကိုး။

အင်းလေ..ပညာရေးကိုပဲအပြစ်တင်ရမလား၊ အလုပ်လိုအပ်ချက်ကိုပဲ အပြစ်တင်ရမလား၊ ခေတ်ကိုပဲအပြစ်တင်
မသိတော့ပါဘူးလေ။ အဲလေ..ဘယ်လိုပဲဖြစ်ဖြစ်ပေါ့..ပညာဆိုတာတတ်ထားတာလဲကောင်းသားပဲနော့်။

လျှောက်လွှာတွေကို စစ်တဲ့အခါမှာ..အရည်အချင်း၊ ဘွဲ့ လက်မှတ်အပြင်၊ ကျနော်တို့ ကတော့ လူမှုအသိုင်းအ၀ိုင်း
မှာဘယ်လောက်ထိ ပါဝင်လှုပ်ရှားခဲ့သလဲဆိုတာတွေကိုလဲ ကြည့်ပါတယ်။ ကျနော်ကတော့ လက်မှတ်တွေကို သိပ်
ဂရုမစိုက်ဘူးဗျ။ လက်မှတ်ရှိတိုင်း တတ်မတတ်မှ မပြောတတ်တာ။ ဒါပေမယ့်လဲ..လျှောက်လွှာဖတ်ရင်တော့ ကိုယ်လို
ချင်တဲ့ အရည်အချင်း ရှိမရှိကို တက်ဖူးတဲ့သင်တန်းတွေကိုပဲကြည့်ရတာပေါ့။

အမျိုးမျိုးပဲလို့ မပြောနဲ့ လေ။ ယေဘုယျအားဖြင့်တော့..မတတ်ရင်တောင်မှ အထီးလား၊ အမလားတော့ ခွဲခြားနိုင်မယ်လို့ 
ကျနော်တို့ ကယုံကြည်တယ်လေ။

အဆင့် (၃) လူတွေ့ မေးမြန်းခြင်း

ကဲ... နောက်ဆုံးအဆင့်ကတော့ လူတွေ့ မေးမြန်းခြင်းပါပဲ။ အများအားဖြင့်မေးတာကတော့၊
- ဘာသင်တန်းတွေတက်ဖူးသလဲ?၊ ဘယ်အဆင့်ထိလဲ?
- ဘယ်မှာ အလုပ်လုပ်ဖူးသလဲ?
- ကိုယ့်ရဲ့  ကောင်းကွက်တွေဘာရှိသလဲ?
- လူမျိုးမတူ၊ အသက်အရွယ်ချင်းမတူတဲ့ သူတွေ နဲ့  အလုပ်လုပ်နိုင်သလား?
- ခရီးသွားနိုင်သလား? အိမ်ကခွင့်ပြုမလား (အထူးသဖြင့် အမျိုးသမီး) ? ညအိပ်ညနေသွားနိုင်လား?
- အိမ်ထောင်ရှိလား? (အရေးတော့မကြီးပါဘူး၊ မေးတာကလဲ..ခရီးသွားရင်..အိမ်ဦးနတ်ကခွင့်ပြုလားဆိုတာကို
သိချင်လို့ ပါ။ ပြီးတော့ အိမ်ထောင်ရှိရင်..အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပျက်တတ်တယ်လေ..ဆရာရဲ့ )
- ဘာတွေလုပ်နိုင်သလဲ? (ဒါကအရေးကြီးတယ်၊ အရမ်းလဲ မရွှီးနဲ့ ပေါ့ဗျာ..လုပ်တတ်ဆိုပြီး တာဝန်တွေစေတနာ
ဗလာပွနဲ့  ပေးလိမ့်မယ်)
- ဘယ်လောက်ရမယ်လို့ မျှော်လင့်သလဲ? (ဒါကတော့ အရေးကြီးတယ်နော်။ ရတယ်မရတယ်အပထား၊ တောင်းတာ
တောင်း (ကိုယ့်အရည်အချင်းအရပေါ့နော်)။ ဒါပေမယ့်..ဒီမှာ သတိထားရမယ်နော်၊ အရမ်းများရင် ကြိုက်ပေမယ့်လဲ..
မပေးနိုင်လို့ ဆိုပြီးမခေါ်တာလဲရှိတယ်။ အရမ်းနည်းရင်လဲ..ကိုယ့်ဖက်ကနစ်နာတာပေါ့) ပုံမှန်အားဖြင့်တော့ အနည်းဆုံး
၁၅၀ ရပါတယ်။ ဒါက NGOs ဈေးနော်။ NGOs တောင် Local NGOs ပေါ့ဗျာ။) အပြည်ပြည်ဆိုင်ရာကတော့ များပါတယ်။
၂၀၀ လောက်တော့ အနည်းဆုံးရတာပေါ့ဗျာ။

လူတွေ့ မေးမြန်းတဲ့အခါမှာ ကျနော်တို့ အနေနဲ့ ကြည့်တာကတော့ ကိုယ့်ကိုကိုယ်ဘယ်လောက်ယုံကြည်မှုရှိသလဲ၊
ဘယ်လောက်ဖော်ရွှေသလဲ...စသဖြင့်ပေါ့။ တွေ့ တဲ့လူတိုင်းကို လိုက်နှုတ်ဆက်ဖို့ ပြောတာတော့မဟုတ်ဘူးနော်။

အဆင့် (၄) စဉ်းစားဆုံးဖြတ်ခြင်း

- ဘယ်သူက ထောက်ခံပေးသလဲ? ဒါက အရေးကြီးတယ်ဆရာ။ အဆက်ဟောင်းက အဆက်ဟောင်းပါပဲလုပ်လို့ မရ
ဘူးဗျ။ ထောက်ခံတဲ့သူကို ကျနော်တို့ က ပြန်ဆက်သွယ်ပြီးမေးတာပေါ့၊ ဒီလူက အလုပ်လုပ်တာဘယ်လိုလဲ၊ နာမည်ဆိုး
ရှိလား? အလုပ်ဖြစ်လား? စသဖြင့်ပေါ့ဗျာ။ ကိုယ့်ကို ကောင်းကောင်းရေးပေးမယ့်သူကို ပြီးသလိုရှိာလို့ လဲမရဘူးဗျ။
ထောက်ခံတဲ့သူကလဲ..အဖွဲ့ အစည်းမှာလုပ်မယ်ဆိုရင်.. အဖွဲ့ အစည်းတစ်ခုခုက လူဖြစ်ရင်ပိုသင့်လျော်တယ်။ ဘာဖြစ်
လို့ လဲဆိုရင်..အချင်းချင်းသိကြတယ်လေ။ ဒီအဆက်အသွယ်က စကားအရမ်းပြောပါတယ်။ သူတို့ က တော်တော်
ထောက်ခံရင်..ရဖို့ ရာခိုင်နှုန်းမြင့်ပါတယ်။ ဒါက ပထမ ကြည့်တာပါ။

- အရည်အချင်းနှင့် လိုအပ်မှု။ ။ ဒါကတော့ ဒုတိယဦးစားပေး ကြည့်တာပါ။

- လူမှုဝင်ဆန့် နိုင်မှု ။ ဒါကတော့ တတိယပေါ့။ (မေးမြန်းတဲ့အခါမှာကြည့်ထားတယ်လေ)

- လခ။ ။ တောင်းတဲ့လခက အရမ်းမြင့်သလား၊ ပေးနိုင်၊ မပေးနိုင်ကို ကြည့်ပါတယ်။

အဲလို ကြည့်ပြီးရင်တော့ ..အလုပ်ခန့် လိုက်ပါတယ်ဗျာ။ အလုပ်ခန့် ပြီးတဲ့အခါမှာ ကျနော်တို့ က သင်ပေးရတာပေါ့ဗျာ။
လက်မှတ်တွေရှိနေလဲ ကိုယ့်ရုံးက လုပ်ထုံးလုပ်နည်းတွေကိုသင်ပေးရတာပါပဲ။ ဒါကြောင့် အလုပ်ခန့် ပြီးသွားရင်.. အလုပ်
ထုတ်တယ်ဆိုတာ သိပ်မရှိတာပေါ့ဗျာ။ မကြိုက်သော်လည်း..အောင့်ကာနမ်းပေါ့။ ဟုတ်တယ်လေ.. နောက်တစ်ယောက်
ထပ်ခေါ်..ထပ်သင်ပေးဆိုရင်.. အလုပ်ဘယ်ဖြစ်မလဲလို့ ။ ဒါကြောင့်မို့ ပေါ့နော်..အရမ်းကို ဆိုးဆိုးရွားရွားမဟုတ်ရင်
အလုပ်ထုတ်တယ်ဆိုတာမရှိတော့..ချစားတဲ့သူတွေရှိရင်လဲ..ရှိလာမှာပေါ့ဗျာ။ အရေးကြီးတာကတော့ ကိုခံရသလို
သူများတွေ မခံရအောင် ကိုယ်ချင်းစားပြီးကူညီရင်တော့ ကောင်းတာပေါ့ဗျာ။

ကိုယ်က မလုပ်နိုင်တဲ့အချိန်မှာလဲ..အလိုက်သိသိနဲ့  ထွက်သွားကြရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဟဲဟဲ၊ တစ်ချို့ 
ကပေပြီးကိုနေတာလေ။ အဲဒါကြောင့်ပါ။

ကဲစာဖတ်ပရိတ်သတ်တို့ ရေ..အကြောင်းဖန်လို့  အလုပ်လျောက်ဖြစ်ခဲ့ရင်..ဒါလေးက အနည်းနဲ့ အများ အထောက်
အကူပြုမယ်လို့  ယုံကြည်ပါတယ်ဗျာ။


ရှမ်းကလေး

ဒီလိုချစ်မျိုး..

ဒီလိုချစ်မျိုးငါမခံစားဘူးပါ
ရင်ထဲ နှစ်လုံးသားမှာရှိတာမင်းတစ်ယောက်ထဲ
ပူလောင်ခြင်းတွေကိုခါးဆီးခံ
မင်းထံမှစိမ်းကားစကား

အပြုံးတွေနဲ့ ဝေဆာခဲ့
မင်းရဲ့ အနားမှာအတူရှိချိန်

ပျော်ရွှင်ခြင်း၊ ခါးသီးခြင်းတွေရယ်
ငိုတစ်လှည့်ရယ်တစ်လှည့်နဲ့ 

ဒီအချစ်မျိုး..ငါမကြုံဖူးပါ။

ပူလောင်ခြင်းအေးမျှခြင်းတွေနဲ့ 
ငါ့ကိုရူးတယ်ပြောလဲ
ဒီအချစ်မျိုး..
ဒီအချစ်မျိုး..
ကံကောင်းစွာငါရရှိလို့ 
အချိန်တိုင်းမှာ ခံစားမှုတွေနဲ့ 
ငါ့နှလုံးသားလေးရှင်သန်လို့ 
ပူလောင်လဲ..
အေးမျှလဲ...
ငါ့ရင်ထဲမှာသိမ်းထားမှာက
မင်းကိုပေးထားတဲ့ ဒီလိုချစ်မျိုး...

လေပြေ

Wednesday, November 16, 2011

ဝေးကွာချိန်

ဝေးနေပါလားငါတို့ ရဲ့ ဘ၀က
နီးစပ်ဖို့ လေငါကြိုးကာမှ
မနီးနိုင်သေးပါလား
စက္ကန့် တွေတိုင်းမှာတ၀ဲလည်လည်
မင်းမျက်နှာလေးသာငါမြင်ယောင်မိ
ရက်တွေတိုင်းမှာငါလွမ်းငေးကာ
ခံနိုင်ရည်တွေလဲကျဆင်းပေမယ့်
မင်းအသံလေးကိုနားထောင်
မင်းအချစ်ကို ငါယုံကြည်ရင်း
ခေါင်းလေးကိုငါလေမော့လို့ 
နီးဖို့ ရေးခိုင်ခိုင်မာမာနဲ့ 
စောင့်မျှော်လျက်ပါ။


လေပြေ

Monday, November 14, 2011

ခရီးသွားမှတ်တမ်း၊ ဗီယက်နမ် ( ၁.၂) ဟိုချီမင်း အုတ်ဂူ

စာဖတ်ပရိတ်သတ်တို့ ရေ.. ခုလောလောဆယ်တော့ ဗီယက်နမ်ရောက်နေတော့.. Blog လေးကို ပြန်လည်ပြီးရေး
ခွင့်ရလာတာပေါ့ဗျာ။

ရောက်တုန်းရောက်ခိုက်လေး..လျှောက်လည်ပြီးတော့ စာဖတ်ပရိတ်သတ်တွေနဲ့  ပြန်လည်ပြီးဝေမျှလိုက်ပါတယ်။



အပေါ်ပုံကတော့ ဟိုးအရင်ကတည်းကရှိလာတဲ့ မြို့ ခံတပ်ပါ။ တစ်ခုတည်းရှိတာတော့ မဟုတ်ပါဘူး။ ကျနော်တော့
၂-၃ လောက်တော့ တွေ့ လိုက်ပါတယ်။



ဒီလမ်းကတော့ ဟိုချီမင်း အုန်ဂူရှေ့ ကဖြစ်ပါတယ်။ သူ့ အုတ်ဂူကို ၀င်ကြည့်ဖို့ ကတော့ တစ်ပတ်လောက်ကို ပတ်
လိုက်ရတယ်ဗျ။ တစ်ပတ်ဆိုပြီးအထင်မသေးနဲ့ ဗျ.. မိနစ် ၃၀ လောက်လျှောက်လိုက်ရတယ်။ အင်းလေ.. ကျနော်
တို့ က အရှေ့ ကနေကိုလာတာကိုး.. သူက အနောက်ကနေ၀င်ရတာကိုမှ မသိတာ။



ဒါကတော့ အိတ်တွေစစ်ဆေးတဲ့ နေရာကရလာတာပါ။ ဧည့်ကြိုလို့ ပဲပြောရမလားတော့မသိဘူးပေါ့လေ။ အုတ်ဂူ
နဲ့ ပတ်သက်ပြီးတော့ ရေးထားတဲ့ သတင်းအချက်အလက်တွေပါ။



အပေါ်ပုံကတော့ ဟိုချီမင်း ပြတိုက်ဖြစ်ပါတယ်။ အထဲတော့မ၀င်လိုက်ရပါဘူး။

ဟိုချီမင်းအုတ်ဂူဆိုတာကလဲ... ဟိုချီမင်း ရုပ်ကလ္လပ်ကို မပုပ်မသိုးအောင်ထား၊ ထားတဲ့နေရာပါ။ ရှင်းရှင်းပြောရင်
တော့ အလောင်းကို သွားကြည့်တာပေါ့ဗျာ။ (အတူသွားတဲ့ ဗီယက်နမ်သူငယ်ချင်းတွေကတော့ သူ့ ကို ဦးလေးဟို
လို့ ခေါ်ကြပါတယ်။ သူတို့ ဘယ်လောက်ထိ တန်ဖိုးထား လေးစားပြီး ရင်းနှီးချစ်ခင်တာကို ပြတဲ့သဘောလို့  ယူဆ
ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗိုလ်ချုပ်အောင်ဆန်းကိုတောင် သိပ်မသိတော့ဘူးပေါ့လေ.. အဲလိုပဲ မြန်မာနိုင်ငံရဲ့ 
ပထမဆုံး သမ္မတလဲ သိတဲ့သူတော်တော်လေးကို ရှားသွားနေပါပြီ)

ဝင်ဖို့ သွားတဲ့အခါမှာ ညီညီညာညာတန်းဆီ၊ ဖုန်းပိတ်၊ နှုတ်ပိတ် ပြီးသွားရပါတယ်။ အထဲဝင်လိုက်တာနဲ့ .....
စစ်သားတွေက နေရာတိုင်းမှာ တန်းစီပြီးတော့ကိုစောင့်ပါတယ်။

အထဲကိုသွားတဲ့ အချိန်မှာ ကင်မရာတွေယူဆောင်ခွင့်မရှိလေတော့ မပြနိုင်ပေဘူး..စာဖတ်ပရိတ်သတ်ရဲ့ ။

အလောင်းတတော့..ဖြူနေပြီး ဆံပင်၊ လက်သည်းတွေနဲ့ ၊ ပကတိ အသက်ရှင်နေသလိုပါပဲ။ အဲဒါနဲ့  သူငယ်ချင်းနဲ့ 
ပြောဖြစ်တာပေါ့...မြန်မာနိုင်ငံက ဘုန်းကြီးရုပ်ကလ္လပ်ဆိုရင်..ညှိပြီးတော့ အသားတွေခန်းခြောက်သွားတယ်။ ဒါပေ
မယ့် ဟိုချီမင်းရဲ့  ရုပ်ကလ္လပ်က ဖြူနေပြီး ဘာမှမဖြစ်သလိုပါပဲလားလို့ ။

ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကရောက်ဖူးတဲ့ သူငယ်ချင်းကတော့.."ဒါအတုပဲ" လို့ မှတ်ချက်ချပါတယ်။ အဲ.. တု
တာမတုတာထက်..သူတို့ တွေ လေးလေးစားစားနဲ့  လာပြီး အလေးပြုတာကိုတွေ့ ရတော့.. သြော်...ကွာပါ့လို့ 
မှတ်ယူလေရဲ့ ။



ဒါကတော့ ဟိုချီမင်းရုပ်အလောင်းကို ထားထားတဲ့ နေရာဖြစ်ပါတယ်။ ကြည့်ပြီးသွားတဲ့အချိန်မှာ ပြန်လည်ထွက်လာ
ရင်တွေ့ ရတဲ့မြင်ကွင်းပါ။



ဒါကတော့ ဟိုချီမင်းနေခဲ့တဲ့ အိမ်ဖြစ်ပါတယ်။



ဒါကတော့ သူ့ ရဲ့ အခန်းပါ။ အားလုံးလိုလိုက သစ်လွင်အောင်ပြန်ပြီး ဘောလစ်သုတ်ထားပါတယ်။



ဒါကတော့ ဗုံးခိုတဲ့ကျင်းပါ။ သေချာကြည့်မယ်ဆိုရင် (တည့်တည့်) လျှို့ ဝှက်တံခါးကိုတွေ့ ပါလိမ့်မယ်။ ဗုံးလာ
ကြဲတဲ့အချိန်မှာ ဟိုချီမင်းက အဲထဲမှာနေပြီး ပုန်းပါတယ်။ ပြီးတော့ အဲထဲမှာပဲ သူဟာ နှလုံးရောဂါနဲ့  သေဆုံး
သွားတာပါ။



အပေါ်ပုံကတော့ ဟိုချီမင်းအုတ်ဂူနဲ့ အိမ်ကို ကြည့်ပြီးတဲ့အချိန်မှာတွေ့ ရမယ့်အရာဖြစ်ပါတယ်။ လူတွေ ၀ိုင်းအုံကြည့်
နေတာကတော့ တိုင်တစ်လုံး (တိုင်တစ်တည်းပဲရှိ) ဘုရားကျောင်း (ဘုရားပဲရှိပြီး ဘုန်းကြီးမရှိဘူးလေ) ပါ။



ဒါကတော့ အဲဒီဘုရားကျောင်းမှာ ကိုးကွယ်ဖို့ ထားထားတဲ့ နတ်ဘုရားပါ။



အပေါ်ပုံကတော့ ဟိုချီမင်းအုတ်ဂူကို အရှေ့ မျက်နှာစာကနေပြီးတော့ ရိုက်ထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။ သူငယ်ချင်း
တို့ ရေ..စာမရေးတာကြာလို့  အဆီငေါ်တော့ သိပ်မတည့်ပေဘူး။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေနော်...ရောက်ခဲ့ရင်တော့ ၀င်ကြည့်လိုက်ပါအုန်း။ စစ်တာမစစ်တာအပထားပေါ့လေ။ သူ
တို့ တွေ ဘယ်လောက်တန်ဖိုးထား၊ လေးစားတာကို ကိုယ်တွေ့ ၊ မြင်တွေ့ ရမှာပါ။


ရှမ်းကလေး

ခရီးသွားမှတ်တမ်း။ ။ဗီယက်နမ်၏ (၁.၁) ပထမဆုံး တက္ကသိုလ်

ဗီယက်နမ်ကိုရောက်ရင်တော့ ဒီနေရာကို လူတိုင်းသွားလည်ကြပါတယ်။ အဲဒါမှပဲ သူတို့ ရဲ့  မြို့ တော်ကို ရောက်တယ်
ပေါ့လေ။ ဒီနေရာကတော့ ဗီယက်နမ်ရဲ့  ပထမဆုံးတက္ကသိုလ်ဖြစ်ပါတယ်။ ၀င်ကြေးကတော့ ၁၀.၀၀၀ ပေးရပါတယ်။



အပေါ်ကပုံကတော့ တက္ကသိုလ်ကိုဝင်တဲ့ ၀င်ပေါက်ဖြစ်ပါတယ်။








ဒီနှစ်ပုံကတော့ တက္ကသိုလ်ရဲ့ သမိုင်းတွေကို ဖေါ်ပြထားတဲ့ကဗျည်းတွေဖြစ်ပါတယ်။ ဒီနေရာကို သူတို့ အနေနဲ့ 
မပျက်မဆီးအောင်ထားထားတဲ့ ရည်ရွယ်ချက်ကတော့ သူတို့ လူမျိုးတွေအနေနဲ့  ဘယ်လောက်ထိပညာလိုချင်တယ်
ဆိုတာကို ပြသတဲ့သဘောပါတဲ့ဗျာ။ ဒီတက္ကသိုလ်က ၁၉၇၄ မှာစတင်တည်ထောင်ထားတာဖြစ်ပါတယ်။ ဟနွဲကိုရောက်
ရင်တော့ ဒီနေရာလေးကို သွားလေ့လာကြည့်ပါလို့ တိုက်သွန်းလိုပါတယ်။



ဒီပုံကတော့ ကျနော်တို့ ကို ကြိုဆိုတဲ့ပုံတော့မဟုတ်ပါဘူး။ အဲနေ့ တုန်းက ပိတ်ရက်ဖြစ်လို့ ထင်ပါတယ် လူတော်တော်
များများသွားလာပြီး ဓါတ်ပုံရိုက်တာကို တွေ့ ရပါတယ်။ သူငယ်ချင်းတွေပြောပြတာကတော့ ဘွဲ့ ရတဲ့လူငယ်တွေလာ
ပြီး အမှတ်တရ ဓါတ်ပုံရိုက်တာပါတဲ့။



ဒါကတော့ အပေါ်က တံခါးကိုကျော်လိုက်တာနဲ့  တွေ့ ရမယ့်မြင်ကွင်းဖြစ်ပါတယ်။



အပေါ်က၀င်ပေါက်ကိုလွန်ရင်တော့ ဒီရေကန်ကိုတွေ့ ရမှာဖြစ်ပြီးတော့ ကန်ရဲ့ ဘေးပတ်လည်ကတော့ ကဗျည်းတွေ
ပြသထားပါတယ်။



ဒါကတော့ အဓိက အဆောက်အအုံဖြစ်ပါတယ်။



အထဲကိုဝင်လိုက်ရင်တော့ နတ်ရုပ်ထုတွေကိုတွေ့ ရမှာပါ။ ဒါကတော့ သူတို့ ရဲ့  ဆုတောင်းတွေကိုရေးနေကြတာပါ။
တက္ကသိုလ်ဆိုပေမယ့်လဲ ခုတော့ စာသင်တာတွေမရှိတော့ပါဘူး။ ပြတိုက်ပုံစံလိုလို၊ ဆုတောင်းတဲ့ နေရာလိုမျိုးဖြစ်သွား
ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ..ရှေးဟောင်းအမွေအနှစ်ကိုထိန်းသိမ်းနိုင်တာကိုပဲ ချီးကျူးရမှာပေါ့ဗျာ။ သူငယ်ချင်းတို့ 
လဲ အလည်ရောက်ခဲ့ရင်တော့ ၀င်လေ့လာလိုက်ပါအုန်းနော်။


ရှမ်းကလေး

ခရီးသွားမှတ်တမ်း။ ။ ဗီယက်နမ် (၁)

ခြေထောက်မှာ မှဲ့ ရှိရင်..အရမ်းသွားရတယ်ဆိုလို့ ထင်ပါရဲ့ ...ခုတော့ ဗီယက်နမ်ကို ပထမဆုံးအကြိမ်ရောက်လာပါ
တယ်။ ခက်ပါဘိ..နေရာအတည်တကျမရှိနိုင်တဲ့ဘ၀.. ကဲ..ရောက်တုန်းရောက်ခိုက် သူငယ်ချင်းများကိုပြန်လည်ပြီး
ဝေမျှလိုက်ပါတယ်ခင်ဗျာ။

ဘာလိုလိုနဲ့  ဟနွဲ (ဗီယက်နမ်မြို့ တော်)လေဆိပ်ကိုရောက်လာပါတယ်။ ရောက်ရောက်ခြင်းထူးခြားတာတွေကိုတွေ့ 
လိုက်ပါတယ်။ လ.၀.က က လူငယ်တွေပဲ။ ကျနော်တော်တော်လေးကို အံ့သြမိပါတယ်။ အံ့သြဆို..ရောက်ဖူးတဲ့နိုင်ငံ
တွေလိုလိုတိုင်းမှာက သက်ကြီးပိုင်းတွေပဲတာဝန်ယူပြီးလုပ်ဆောင်ကြတာကိုး။ သြော်..လူငယ်တွေကို နေရာပေးတယ်
ထင်ပါရဲ့ လို့  စိတ်ထဲမှာတွေးမိပါသေးတယ်။

အဲလိုနဲ့ ...ကကစီးပြီးတည်းခိုမယ့်နေရာကို ရောက်လာပါတယ်။ လေဆိပ်က မြို့ ပြင်မှာရှိနေတဲ့အတွက် မြို့ တွင်းကို
၁ နာရီလောက်သွားရပါတယ်။ ကားခကတော့ ၂၀၀.၀၀၀ (၁၀$)ပါ။ တည်းခိုခန်းရောက်တော့ အခန်းဌားလိုက်ပါတယ်
အခန်းခကတော့ ၃၀၀.၀၀၀ (၁၅$)ပါ။ ခရီးသွားချိန်မဟုတ်သေးလို့ လျော့ဈေးနဲ့ ပေးတာတဲ့.. ၃၀၀.၀၀၀ က အနိမ့်
ဆုံးဈေးပါခင်ဗျ။



မနက်ရောက်တော့...ထုံးစံအတိုင်းခေါက်ဆွဲသွားစားဖြစ်ပါတယ်။ ခေါက်ဆွဲက ဖြူဖပ်ဖပ်ဖြစ်နေပေမယ့်..တော်တော်
လေးကို စားလို့ ကောင်းပါတယ်။



ဒါကတော့ မြို့ တွင်းသွားလာရေးပါပဲ။ ဆိုင်ကယ်မြို့ တော်လို့ တောင်ခေါ်လို့ ရပါတယ်။ ဆိုင်ကယ်ဟွန်းသံတွေမပြတ်
ကြားရလွန်းလို့  နားငြီးခြင်းဝေဒနာတောင်ရလောက်ပါပေတယ်။ ပြီးတော့မောင်းပုံကလဲ..သွားချင်တဲ့ဘက်ကိုသွား
တာပဲ။ ကွေ့ ချင်ရင်လဲ ကွေ့ ချလိုက်တာပဲ။ နောက်ကလူက ကြည့်ရှောင်ရပါတယ်။ နောက်ကနေလိုက်စီးတာ..
ရင်တမမနဲ့  ဘယ်ချိန်မှာတိုက်မလဲဆိုပြီး..ရင်တခုန်ခုန်ဖြစ်ရပါတယ်ဗျာ။ နှလုံးရောဂါရှိသူများအတွက်တော့ ကားပဲ
စီးပါလို့  တိုက်သွန်းလိုပါတယ်။



ဒါကတော့ လမ်းဘေးဆံပင်ညှပ်ဆိုင်ဖြစ်ပါတယ်။ နေရာတော်တော်များများမှာတွေ့ ရပါတယ်ခင်ဗျ။



ဒါကတော့ လမ်းကြိုကြားပါ။ သူတို့ ရဲ့ မြို့ ဟောင်းလို့ ခေါ်တဲ့နေရာ (နိုင်ငံခြားသားများ အများအားဖြင့်နေသောနေရာ)
မှာတော့ လမ်းတစ်ခုနဲ့ တစ်ခု ဆက်သွယ်နေတာ ပင့်ကူအိမ်နဲ့ တောင်သူပါတယ်ဗျာ။ လုံးဝကို မမှတ်မိဘူး။ ခေါင်းသာ
နောက်သွားတယ်..ဘယ်ရောက်လို့ ရောက်နေမှန်းကိုမသိတာ။

ယေဘုယျ သတင်းအချက်အလက်။ ။

အသုံးပြုငွေ။ ။ တွန် (Don) လို့ ခေါ်ပြီးတော့ ၂၀.၀၀၀ က ၁$ နဲ့ ညီပါတယ်။

အသုံးစရိတ်။ ။ တစ်နပ်ကို အနည်းဆုံး... ၂၅.၀၀၀ ကျပါတယ်။ (ရေမပါ) ဆိုင်ကြီးရင်ကြီးသလိုပေါ့ဗျာ။

အသွားအလာ။ ။ အများအားဖြင့်တော့ ဆိုင်ကယ်နဲ့ ပဲသွားပါတယ်။ ဘတ်ကားတွေလဲရှိပါတယ်။

အစားအစာ။ ။ ကျနော့်အတွက်တော့ သိပ်မဆန်းပါဘူး။ တော်တော်လေးဆင်တူပါတယ် အထူးသဖြင့် သျှမ်းအစား
အစာနဲ့ ပေါ့.. ဆီသိပ်မသုံးပဲ..ဖြူဖပ်ဖပ်နဲ့ လေ။

အနေအထိုင်း။ ။ Free style..Free style..မြန်မာနိုင်ငံက ယဉ်ကျေးခြင်းမျက်လုံးနဲ့ မကြည့်လေနဲ့ ။ ပွင့်လင်းတယ်
ခေတ်ဆန်တယ်၊ ဖက်တာနမ်းတာ ပုံမှန်ပဲ (ရင်းနှီးတဲ့သူတွေအတွက်နော်)။ ဒူးထောင်ပြီးလဲ ထမင်းစားတယ်၊
သွားကြားထိုးတံညှပ်ပြီး စကားလဲပြောတာ်။ ဆေးလိပ်၊ အရက် ဈေးမကြီးပါ။ ရာသီဥတုကတော့ ဆောင်းမို့ လို့ 
ထင်ပါတယ် အေးအေးလေးနဲ့ နေလို့ ကောင်းတယ်။ (သျှမ်းပြည်အေးသလောက်ပါပဲ)

အလုပ်အကိုင်။ ။ ရှားတယ်လို့ ပြောရမှာပဲ။ ဒါပေမယ့် သူတို့ တွေတော်တော်လေးကို အလုပ်ကြိုးစားကြပါတယ်။
ကျနော့်ရဲ့  ကြိုးစားတယ် ပင်ပန်းတယ်ဆိုတာလောက်ကတော့ သူတို့ က ပုံမှန်ပဲ။ အလုပ်လုပ်တာကိုတော့
တော်တော်လေးကို ချီးကျူးမိပါတယ်။

စကား။ ။ အင်္ဂလိပ်စကားမရပါ။ (ဒါကြောင့် ကျနော့်မှာ ခေါက်ဆွဲပဲလှိမ့်ဆွဲနေတာပေါ့ဗျာ..ဟင်းမှ မမှာတတ်ပဲကိုး)


ရှမ်းကလေး

Saturday, November 5, 2011

ငါ့အခြေအနေ

ဝေးကွာခြင်းများနဲ့ အတူ
လွမ်းဆွတ်ခြင်းတွေက ဖိစီး
စိုးထိတ်မှုတွေက ပိုလွန်
တွေ့ ဆုံလိုစိတ်က တွန်းပို့ 
ဖြစ်ချင်တာတွေ မဖြစ်လေတော့
ပူလောင်ခြင်းကို ရင်မှာပိုက်
အထီးကျန်မှုကို အဖော်ပြု
အမှောင်ထုကို လွှမ်းမောစွာကြည့်ရင်း
............................



လေပြေ