Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, October 6, 2009

ငရဲမှ ဖုန်းခေါ်သံ ....

သူမသည် ပေါင်မုန့် လုပ်သောလုပ်ငန်းကို ဦးစီးဦးဆောင်လုပ်ကိုင်ဆောင်ရွက်ပါသည်။ သူမပြုလုပ်သော ပေါင်မုန့် များသည် အရဿာ ရှိသဖြင့် နီးစပ်ရာနေရာများသို့ ပင် ပို့ ဆောင်နေရပါသည်။ သို့ တိုင် သူမတွင် ဆက်သွယ်ရန် ဖုန်းပင်မရှိပါ။ သူမအနေဖြင့်လဲ ဖုန်းရှိရန် မလိုအပ်ဟုယူဆသောကြောင့်ဖြစ်သည်။ အကြောင်းမှာ သူမ၏ သူငယ်ချင်းများသည် အိမ်ချင်းသိပ်မဝေးပဲ အော်ပြောလျှင်ပင် ကောင်းကောင်း မွန်မွန်ကြားရပါသည်။

သို့ သော် စီးပွားရေးက ကောင်းလာသဖြင့် ဖောက်သယ်များဆက်သွယ်နိုင်ရန်အတွက် ဖုန်းလိုအပ်ပြီ ဟု ထင်သဖြင့် သူမသည် ဖုန်းတစ်လုံး ကိုဝယ်လိုက်သည်။ ရောင်းသူက သီချင်းနားထောင်နိုင်၊ ရုပ်ရှင်ကြည့်နိုင်သည့် ဖုန်းကို ပြသော်လဲ သူမသည် စိတ်မ၀င်စားပဲ အညံ့စား ဖုန်းကိုသာဝယ်လိုက်သည်။ အကယ်၍သာ ဖုန်းက မုန့် ဖုတ်နိုင်၊ ပစ္စည်းပို့ နိုင်လျှင် သူမအနေဖြင့် စဉ်းစားခြင်းမပြုပဲ ၀ယ်လိုက်ပေမည်။

အိမ်ရောက်သည်နှင့် သူမသည် ဖုန်းဘူးလေးကို ထုတ်ကာ battery သွင်းလိုက်သည်။ ပြီးနောက် သူမ၏ လုပ်စဉ်အတိုင်း မုန့့် ဖုတ်နေလိုက် ပါသည်။ မုန့် ဖုတ်ပြီးနောက်တွင် သူမသည် ဖုန်းကို ယူကာဖွင့်လိုက်သည်တွင် sim (ဖုန်းကဒ်၊ နံပတ်ကဒ်)၊ မထည့်ရသေးကြောင်း စာတမ်း ပေါ်လာသဖြင့် သူမလဲ sim ကိုထည့်ကာ အားသွင်းထားပြီး လုပ်စရာရှိသည်များကို ဆက်၍လုပ်ဆောင်နေလိုက်သည်။

သူမ အလုပ်ရှုပ်နေစဉ်တွင် ဖုန်းရုတ်တရက် ထမြည်လာသည်။ သူမအနေဖြင့် ကြောင်အန်းအန်းဖြစ်သွားရပါသည်။ သူမ ယနေ့ မှ ဖုန်းဝယ်လာသည်ပဲ။ မည်သူများဖြစ်နေမလဲ? ။ သူမ မိဘများတော့ မဖြစ်နိုင်၊ သူငယ်ချင်းဆိုလဲ ဖုန်းနံပတ်ကမပေးရသေး။ သူမသည် စဉ်းစားမနေတော့ပဲ ဖုန်းကို ဖြေလိုက်သည်တွင်....

“ ဟဲ့ မကြယ်စင်၊ ငါ့ယောင်္ကျား ညည်းနဲ့ အတူရှိနေတယ်မဟုတ်လား?” ဟု အဒေါ်ကြီး တစ်ယောက်၏ မေးသံကို ကြားသောအခါ သူမ သည် အေးအေးဆေးဆေးဖြင့်ပင် “ ကျမ ကြယ်စင် မဟုတ်ပါဘူး၊ အမကြီး ဖုန်းနံပတ်မှားနေတယ်ရှင့်” ဟု ဖြေလိုက်၏။

ထိုအခါ

“အောင်မာ..... ညည်းက ခုမှ ယဉ်ယဉ်ကျေးကျေးပြောစရာမလိုဘူးဟေ့။ ငါ့ယောင်္ကျား ထိပ်ပြောင်နင်နဲ့  ရှိနေတယ်ဆိုတာ ငါသိတယ်။ သူ့ ကို ဖုန်းပေးလိုက်။ ငါသူနဲ့  ဖုန်းပြောချင်တယ်”

သူမ တော်တော်လေး ဒေါသထွက်မိသည်။ မိမိမှာ ဘာမှမသိပဲ အပြစ်တင်ခံနေရသည်မဟုတ်လော။ ထို့ ကြောင့် သူမသည် စိတ်ကို ချုပ်ထိန်းကာ “ အဒေါ်ဆက်တဲ့ ဖုန်းနံပတ်ပြောကြည့်ပါလား? ကျမထင်တာတော့ အန်တီ ဖုန်းနံပတ်မှားနိပ်တာဖြစ်မယ်ရှင့်” ထိုအခါ တစ်ဖက်မှ လူလဲ ဖုန်းနံပတ်ကို စစ်ဆေးသောအခါ သူမ၏ ဖုန်းနံပတ်ပင် ဖြစ်နေ၏။

ထိုအခါ သူမလဲ မည်သို့ မှ မပြောနိုင်တော့ပဲ ရှိနေစဉ်

“ ဟင်... ညည်း အခု ဘာပြောနိုင်သေးလဲ မကြယ်စင်?။ ညည်း ယောင်္ကျား တစ်ယောက်ကို မှ မရှာနိုင်ဘူးလား? ဘာလို့ သူများ ယောင်္ကျားကို လာပြီးလုနေတာလဲ? ညည်းက တော်တော်လေးကို အရှက်မဲ့တဲ့ကောင်မပဲ။ ”

ဟုဆိုကာ သူမကို အတွဲလိုက်ပစ်ပါတော့သည်။ သူမလဲ မည်သို့  ပြောရမည်ကို မသိဖြစ်နေစဉ်

“အေး... ငါ့ယောင်္ကျား ထိပ်ပြောင်ကိုပြောလိုက် သူအိမ်ကို ပြန်လာလို့ ကတော့ ငါ့နဲ့  အသိပဲလို့ ။ စောက်ရှက်မရှိတဲ့ ကောင်မ၊ ပြည့်တန်ဆာမ၊ အပေါစားမ၊ xxxxxxxxxxxxxxxxxxxx.........(အများကြီးပေါ့လေ)”

ဟု နောက်ထပ် တစ်တွဲဆွဲလိုက်သေးသည်။

သူမလဲ စိတ်တိုလာသဖြင့် ဖုန်းကို ချလိုက်သည်။ သူမ ပြန်စဉ်းစားမိသည်မှာ ဖုန်းဝယ်မိသည်ကိုက မှားသွားလားဟု ကိုယ့်ကိုကိုယ် ပြန်မေးနေမိသည်။

သူမဖုန်းကိုင်ကာ စဉ်းစားနေစဉ်အတွင်းမှာပင် ဖုန်းက ရုတ်တရက် ထပ်မြည်လေသည်။ ဟို... မိန်းမကြီး ထပ်ဆက်လာသလား ဟု စဉ်းစားမိကာ၊ စိတ်တိုတို ဖြင့် ဖုန်းကို ဖြေလိုက်သည်တွင်....

“ ဟေ့... အချစ်လေး ကိုအရမ်းကိုလွှမ်းနေတယ်ကွာ။ ဒီည အချစ်လေးနဲ့ လာနေမယ်နေ” ဟု ယောင်္ကျားတစ်ယောက်၏ အသံကို ကြားလိုက်သည်တွင် သူမက “ ရှင် ဖုန်းမှားနေတယ်” ဟု ခပ်ပြတ်ပြတ်ပြောလိုက်သည်တွင်...

“အော်.....အချစ်ကလေး ကြယ်စင်ကလဲ မနေ့ က မတွေ့ ရတာနဲ့  အစ်ကို ကြီးကို စိတ်ကောက်နေတယ်ပေါ့။ ”

“ ဘယ်က အစ်ကိုကြီးလဲ ကျမ မသိဘူးရှင့်။ ရှင် ဖုန်းမှားနေတယ်”

“ အချစ်ကလဲ... စိတ်မကောက်ပါနဲ့ ကွာ။ ကိုကြီး ထိပ်ပြောင်ကို ချစ်လေးက မသိတော့ဘူးပေါ့လေ?။ ခုတော့ တော်တော်လေးကို နောက်တတ်နေပါလား။ တွေ့ မှပဲ ခပ်ဆတ်ဆတ်ရိုက်လိုက်မယ်နော်။ ”

သူမ သိလိုက်ပြီလေ။ ဒီ ထိပ်ပြောင်က...ခုနက အန်တီကြီး၏ ယောင်္ကျားမှန်း။ ထို့ ကြောင့် သူမလဲ ရေလိုက်...ငါးလိုက် သဘောဖြင့်

“ အို... အစ်ကိုကြီးကလဲ ဒီညတော့ မဖြစ်ပါဘူး။ ခုန ကပဲ အစ်ကို့ ရဲ့  မယားကြီးက ဖုန်းဆက်တယ်။ သူကျမကို ဆဲလိုက်တာ အတွဲလိုက်ပဲ။ ပြီးတော့ အစ်ကိုကြီး ပြန်သွားရင် အသေသတ်မယ်လို့  ကြိမ်းသွားသေးတယ်။”

“ ဘာ....သူက အချစ်လေးကို ဆဲသွားတယ်ဟုတ်လား? ဒီမိန်းမတော့ကွာ...။ ဒါဆို ကိုကြီး ပြန်ပြီး သူ့ ကို သွားဆုံးမလိုက်အုန်းမယ်။ ဒါမှ နောက်ကြရင် အချစ်လေးကို သူဘာမှ မပြောရဲမှာ”

“ဖြစ်ပါ့မလား အစ်ကိုကြီးရယ်?”

“အို... စိတ်ချပါအချစ်လေးရဲ့ ။ မယုံရင် ရန်ငြိမ်းအောင် ရပ်ကွက်မှာ ထိပ်ပြောင်အကြောင်းသွားမေးကြည့်။ ကို တစ်ချက်ပြောရင် ကို့ မိန်းမက ဘာမှ မပြောရဲဘူး။ သွားပြီနော်..အချစ်လေး။ မနက်ဖြန်မှ တွေ့ ကြမယ်နော်။ အနမ်းလေးပေးခဲ့ မယ်နော်... မွမွ”

သူမလဲ ဖုန်းကိုချလိုက်ပြီး သက်ပြင်းချလိုက်သည်။ ဘယ်လို လူတွေနှင့် တွေ့ နေမှန်းမသိ။ ဖုန်းမှားတယ်ပြောလဲ လက်မခံ။ ဖုန်းလေး ရှိကာမှ မစီမဆိုင် အဆဲခံရ၊ ဖွန်ကြောင်ခံရနှင့် တော်တော်လေးကို စိတ်ပျက်မိသည်။

သို့ နှင့် သူမလဲ မနက်ဖြန် ဖုန်းနံပတ် ပြောင်းမယ်ဟု စဉ်းစားရင်း အိပ်ပျော်သွားလေသည်။ ညဉ့်  2 နာရီလောက်တွင် ဖုန်းက ထပ်၍ မြည်လာသဖြင့် သူမလဲ ကောက်ကာ ပြောလိုက်သည်တွင်...

“ဟဲ့ မိကြယ်စင်” ဟူသော အသံကို ကြားလိုက်ရသည်။ သူမလဲ..

“ အန်တီရယ်..ဒီအချိန်က လူအိပ်တဲ့ အချိန်လေ။ အိပ်လို့ ကောင်းနေတုန်း ဘာလုပ်အုန်းမလို့ လဲ?”

“ ငါ့..ငါ့....ငါ့....ယောင်္ကျား..ထိပ်ပြောင်သေပြီဟဲ့”

“ အန်တီရယ်.. ဒါက နောက်စရာမဟုတ်ပါဘူး.”

“ ငါ.. စနေတယ်လို့  နင်ထင်နေလား။ သူ အိမ်ပြန်လာပြီး၊ သူနဲ့  ငါနဲ့  ရန်ဖြစ်တယ်လေ။ ငါလဲ စိတ်တိုလို့  သေနတ်နဲ့  ပစ်လိုက်တယ်။ နင် ခုတော့ ကျေနပ်ပြီမဟုတ်လား..ဟင်? သူများ အိမ်ထောင်ပျက်တာ တော်တော်လေးကို ကြည့်ချင်နေတယ်မဟုတ်လား? အေး... ငါလဲ သူ့ ကို ပစ်ပြီးတော့ သူ့ နောက်ကို လိုက်မလို့ ။ အဲဒါ... ညည်းသိအောင် ဖုန်းဆက်လိုက်တာအေ့။” ဟု ဆိုကာ သေနတ်သံနှင့် ညည်းညူ သံများကို ဆက်တိုက်ကြားလိုက်ရသည်။

သူမ၏ အိပ်ချင်စိတ်များလဲ ပျောက်သွားကာ. .. ဟဲလို... ဟဲလို... ဟု အော်ခေါ်သော်လဲ ထူးသံကို မကြားရပါ။ သူမအနေဖြင့် လင်မယား အဆင်ပြေစေရန် ရည်ရွယ်၍ မယားငယ် ဟန်ဆောင်သော်လဲ၊ ခုတော့ သူမကြောင့် လူသေရပြီဟု စဉ်းစားမိကာ.. စိတ်မကောင်း ဖြစ်သွားရသည်။

မနက်မိုးလင်းသည်နှင့် သူမလဲ မနေ့ က ဖြစ်ခဲ့သည်များ ဟုတ်မဟုတ် သိရန်အတွက် ရန်ငြိမ်းအောင် ရပ်ကွက်သို့  ကားဌားကာ သွားရောက်စုံစမ်းတော့သည်။

ရပ်ကွက်လေးက တော်တော်ကိုကျယ်သဖြင့်၊ လမ်းထိပ်တွင်ဆင်းကာ ရေ၀ယ်သောက်ရန် လမ်းထိပ်ဆိုင်သို့ ဝင်ခဲ့သည်။ ရေ၀ယ် ပြီးသော အခါတွင် ဆိုင်ရှင်နှင့် ပိုက်ဆံရှင်းပြီးနောက် ထွက်သွားမည် အပြု.. ဆိုင်ရှင်က

“ဘယ်သူ့ ကို လာရှာတာလဲ? ဒီနေရာမှာ တစ်ခါမှ မတွေ့ ဖူးပါလား?”

သူမလဲ ထိပ်ပြောင်ဆိုသော လူကြီးကို လာရှာကြောင်းပြောသော အခါ ဆိုင်ရှင်က သူမကို မသင်္ကာသော မျက်လုံးများဖြင့် ကြည့်လေသည်။ ပြီးသော် ဆိုင်ရှင်က

“ ထိပ်ပြောင်နဲ့  သူ့ မိန်းမက အကြီးအကျယ် ရန်ဖြစ်တယ်လေ။ သူ့ မိန်းမလဲ စိတ်မထိန်းနိုင်တာနဲ့  သေနတ်နဲ့ ပစ်လိုက်တယ်။ ပြီးတော့ သူလဲ သူ့ ကိုယ်သူ သတ်သေသွားတယ်လေ”

ထိုစကား ကြားသောအခါ သူမသည် တော်တော်လေးကို တုန်လှုပ်သွားလေသည်။ မည်သို့ ဆိုစေ၊ သူမ၏ ပယောဂ မကင်းဟု ထင်မိသဖြင့် အလောင်းအား သွားကန်တော့မည်ဟု တွေးမိကာ... အလောင်းများထားသည့် နေရာကို မေးသောအခါ ဆိုင်ရှင်သည် အံသြသော အကြည့်ဖြင့်ပြန်ကြည့်လေသည်။ ပြီးနောက်...

“ သူတို့  လင်မယားသေတာက လွန်ခဲ့တဲ့ 6 လတုန်းကလေ” ဟု ပြန်ပြောသော အခါသူမသည် အံ့သြလွန်းသဖြင့် ခြေထောက်များပင် မခိုင်သကဲ့သို့  ဖြစ်လာသည်။

“ အခုလောက်ဆိုရင်.. သူတို့ လင်မယားက ငရဲမှာ ရောက်လောက်ပြီပေါ့အေ” ဟု ဆိုင်ရှင်က ဆက်၍ရှင်းပြလေသည်။

သူမလဲ “ ငါတော့ ဖုန်းနံပတ်ပါမကဘူး၊ အလှူပါလုပ်မှဖြစ်တော့မယ်လေ” တစ်ယောက်တည်း ရေရွတ်နေမိသည်တွင်... ဖုန်းက ရုတ်တရက် ထပ်မြည်လာသဖြင့်၊ သူမ အလွန်လန့် သွားလေသည်။

သူမလဲ ကြောက်ကြောက်ဖြင့် ဖုန်းကို ဖြေလိုက်သည်တွင် “ ကျနော်တို့  ကုမ္ပဏီက အခု promotion ပေးနေ..”

သူတို့  စကားမဆုံးခင်တွင် သူမလဲ

“ ဒါဆိုရင် ငရဲကခေါ်လာတဲ့ ဖုန်းလှိုင်းကို ဖြတ်ပေးတဲ့ service (၀န်ဆောင်မှု) လေးကောရှိလားရှင့်” ဟုမေးလိုက်သည်။




ရှမ်းကလေး (ယနေ့ ထုတ်.. ထိုင်းကာတွန်းအားစေတနာဖြင့် ဘာသာပြန်ပေးလိုက်ပါသည်။။။။)

No comments: