Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, January 26, 2010

ခရီးသွားမှတ်တမ်း = မြဘုရား

ပျက်အစဉ် ပြင်ခဏ ဆိုတဲ့ စကားကိုတော့ ကြားမိတယ်ဗျာ။ ဒါပေမယ့် ကျနော့် ကွန်ပြူတာက ခဏခဏ ပျက်နေပြီး အစဉ်လို လို ပြင်နေရတော့ တင်မယ်ဆိုပြီး လုပ်ထားတဲ့စာ တွေကို မတင်ဖြစ်နဲ့ ၊ ဒီနေ့  ကွန်ပြူတာ ပြန်ရတာနဲ့  ပြန်တင်လိုက်ပါတယ်။

ဗုဒ္ဒဘာသာပဲ ဖြစ်ဖြစ်၊ တခြားဘာသာကို ကိုးကွယ်တဲ့ သူပဲ ဖြစ်ဖြစ်၊ ဘန်ကောက်ကိုရောက်ရင်တော့ မြဘုရားကို သွားဖူးကြပါတယ်။ အဲဒါမှပဲ ဘန်ကောက်ကို ရောက်သလို ဖြစ်တယ်လေ။ ဒါကြောင့် ကျနော်လဲ ကြုံတုန်း စာဖတ်ပရိတ်သတ်တွေကို ပြန်မျှဝေလိုက် ပါတယ်။

အဲ တစ်ခု ကြိုတင်သတိပေးထားပါရစေ။ မြဘုရားကို သွားရင် ဘောင်းဘီအရှည် (၀ါ) စကတ်(စ်) အရှည်ဝတ်ရပါတယ်။ ဒူးခေါင်း အောက်ပေါ့ဗျာ။ မရှိရင်တော့ မြဘုရား မ၀င်ခင် လမ်းဘေးဆိုင်တွေမှာ ဌားပါတယ်။ တစ်ထည်မှ 10 ဘတ်ပါ။ မြဘုရားက 9 နာရီကနေ နေ့ လည် 33း0 နာရီထိပဲဖွင့်ပါတယ်။

မြဘုရားကို သွားမယ်ဆိုရင်တော့ BTS (၀ါ) Sky Train, မိုးပျံရထားပေါ့ဗျာ.. စီးပြီးတော့ Taksin Bridge Station မှာဆင်းရပါတယ်။ ဆင်းပြီးသွားတဲ့ အချိန်မှာ ကျောက်ဖုရား မြစ်ဖက်မျက်နှာမူပြီးဆင်းရပါတယ်။ ကျနော်တို့ ဆင်းတဲ့ အချိန်မှာ လမ်းညွန် ဆိုင်းဘုတ်တွေ၊ မြေပုံတွေ ပြထားပါတယ်။ exit မှားပြီးဆင်းမှာကို မစိုးရိမ်ပါနဲ့ ဗျာ။



ကျောက်ဖုရား မြစ်ကိုရောက်ရင်တော့ (ဆင်းတာနဲ့  ကျောက်ဖုရားရောက်ပါတယ်) အပေါ်က လှေကိုစီးရပါတယ်။ Chao Phaya Express Boat ပါ။ လှေခက တစ်ယောက်ကို 17 ဘတ်လောက်ပေးရပါတယ်။ (မမှတ်မိတော့ဘူးဗျာ.)



လှေကိုစီးလာပြီးရင်တော့ ဒီ မဟာလဒ် (မဟာလားချား မဟုတ်ပါ) မှာဆင်းရပါတယ်။ လှေပေါ်မှာ အင်္ဂလိပ်လိုကော ထိုင်းလိုကော ကြေငြာပေးပါတယ်။



ဒါကတော့ မြဘုရားကို သွားတဲ့လမ်းထဲ ၀င်သွားတာနဲ့  တွေ့ ရတဲ့ မြင်ကွင်းပါဗျာ။



ဒါကတော့ အနီးကပ်မြင်ကွင်းပေါ့ဗျာ..



ဒီနေရာကတော့ လက်မှတ်ရောင်းတဲ့ နေရာပါ။ နိုင်ငံခြားသား တစ်ယောက်ကို (မြန်မာ အပါအ၀င်၊ ကန်တော့ပါရဲ့ ဗျာ.. ပိုက်ဆံ ကောက်တဲ့ နေရာလေးတွေကပဲ ကျနော်တို့ ကို နိုင်ငံခြားသားလို ဆက်ဆံတာ) ဘတ် 350 ပေးရပါတယ်။ (တစ်ခေါက်တုန်းက မိချောင်းခြံသွားတာ ထိုင်းလိုပြောတတ်တာနဲ့  50 တဲ့။ နောက် မြန်မာမှန်းသိတော့ တစ်ယောက်ကို 500 ပေးရတယ်ဗျာ။ တော်သေးတာက လက်မှတ်ရောင်းတဲ့သူက ကျနော်ထိုင်းနဲ့  တူတယ်ဆိုပြီး 50 ပဲယူလို့ ။ အဲ သူငယ်ချင်းတွေတော့ တစ်ယောက်ကို 500 ပေးလိုက်ရတယ်။)

ထိုင်းလူမျိုးဆိုရင်တော့ အလကား ၀င်ဖူးလို့ ရပါတယ်။ ထိုင်းက ဘယ်ဖက် ကနေ၀င်ရပြီး၊ နိုင်ငံခြားသားက ညာဖက်မှာ ၀င်ရပါတယ်။ ဆိုတော့ ကိုယ်က အသားလေးဖြူဖြူ၊ ထိုင်းလို ခပ်တူတူ ဆိုရင်တော့ ဘယ်ဖက်ကနေ ခပ်တည်တည် ၀င်သွားလို့ ရတယ်လေ။ သူတို့  မေးရင်လဲ ခေါင်းသာညိတ်ပြလိုက်။ ( ပြောပြတာနော် .. လုပ်ဖို့ မလုပ်ဖို့ တော့ မတိုက်သွန်းဘူး.. အဲ.. မည်းတဲ့ထိုင်းတွေလဲ ရှိပါတယ်။ ဒါပေမယ့် ဖြူထားတော့ကောင်းတာပေါ့ဗျာ)

ဘတ် 350 က မြဘုရား အပြင် Grand Palace ကြေးပါပေါင်းထားတာပါ။ ဒါကြောင့်... Grand Palace ကို သွားကြည့်ဖို့ မမေ့ပါနဲ့ ဗျာ.။



ဒီပုံကတော့ ခပ်တည်တည်.. အဲ.. ၀င်သွားတာနဲ့  တွေ့ ရတဲ့ပုံပါ။ ကျနော်တို့ မြန်မာလို ခေါ်ရင်တော့ ဘိုးတော်ပုံပေါ့ဗျာ။



ဒါကတော့အနီးကပ်..




ဘယ်ဖက်ကို ကြည့်လိုက်တာနဲ့ တွေ့  ရမယ့်ပုံဖြစ်ပါတယ်။ (ညာဖက်က သွားလို့ မရဘူးလေ.. ဘာလို့ လဲဆိုတော့ ပိတ်ထားတာကိုး)



ဒါကတော့ ၀င်ပေါက်ကို ပြန်ရိုက်ထားတာ..



လမ်းတစ်လျှောက်တွေ့ ရမယ့် အစောင့်ရုပ်ထုတွေလေ..



အပေါ်ပုံကတော့ မြဘုရား အပူဇော်ခံ ထားတဲ့နေရာပါ။



ဒါကတော့ ၀င်ပေါက်ပါဗျာ။ မ၀င်ခင်မှာ ဖိနပ်ချွှတ်ဖို့ နေရာပေးထားပါတယ်။ အဲဒီမှာ ဖိနပ်ချွှတ်ထားရပါတယ်။ အဲ.. နောက်တစ်ခုက ဦးထုပ်တွေလဲ ချွှတ်ရပါတယ်။ (ချွှတ်ပြီးကိုင်သွားပေါ့လေ..(ရှင်းလင်းအောင်လို့ ပြောပြတာဗျ))



ဒါကတော့ မြဘုရားမဖူးခင်မှာ ပရိတ်ရည်တွေနဲ့  ကိုယ်ကို သန့် စင်ကြတာပါ.. (မကောင်းတာတွေ ကင်းရှင်းအောင်) ဖူးပြီးမှ လုပ်လဲ ဘာမှမဖြစ်ပါဘူးဗျာ။



ကဲ.. မြဘုရားကို သွားဖူးကြစို့ ..။



ဝင်ဖူးတဲ့ အချိန်မှာ မြဘုရားဖက်လှည့်ပြီး ခြေမဆင်း (ခြေမဆန့် ) ရပါဘူး။ ဓါတ်ပုံလဲ ရိုက်ခွင့်မရှိဘူး။ ဒီပုံတော်က ကျနော် အပြင်ရောက်မှရိုက်တဲ့ ပုံပါ။ ပုံကိုကြည့်ရင်တော့ မြဘုရားကို သင်္ကန်းကပ်လှူထားတာကို တွေ့ ရမှာပါ။ ဘာဖြစ်လို့ လဲဆိုတော့ ကျနော်သွားတဲ့ အချိန်က ဆောင်းရာသီလေ.. ဒါကြောင့်သင်္ကန်းကပ်ထားတာပါ။ မိုးဆိုရင်တော့ ထီးတော် ဆောင်းထားပေးပါတယ်။ နွေဆိုရင်တော့ ထီးနဲ့  သင်္ကန်း မကပ်ကြပါဘူး။ ဒါကြောင့်မို့  နွေ၊ မိုး၊ ဆောင်း ဘုရားရယ်လို့  ဆိုင်တန်းတွေမှာ ရောင်းနေကြတာပါ။



ဖူးပြီးသွားတဲ့အချိန်မှာတော့ ပတ်ပတ်လှယ်လျှောက်ကြည့်မယ်ဆိုရင် ဒီလိုမျိုး ကဏ္ဍရီ ရုပ်ထုတွေကို တွေ့ ရမှာပါ။




ဘီလူးကို မကြောက်ပဲ ပုခုံးပေါ်လာနားတဲ့ ကျီးကန်းပေါ့ဗျာ.။။



ဒီနေရာမှာတော့ ကိုယ်တို့ လဲ အမှတ်တရ မတဲ့ ပုံစံလေးရိုက်ကြတယ်လေ။



ခရမ်းနဲ့  ပန်းရောင် ကြာပန်းများနဲ့ အတူတူ...



အမှတ်တရ ဓါတ်ပုံလေးများရိုက်ရင်း..........



ကျနော်သွားတဲ့ နေ့ တုန်းကတော့ ကြာပန်းကို ပူဇော်ထားတဲ့ပုံကို တွေ့ ရပါတယ်။




ဒါကတော့ ကြာပန်းအောက်မှာ ခင်းကျင်းထားတဲ့အရာများ ဖြစ်ပါတယ်။




ကဲ မြဘုရားကို ဖူးပြီးသွားတဲ့အချိန်မှာ Grand Palace ကိုသွားကြည့်ကြတာပေါ့ဗျာ.. (အရင်တုန်းက ကျနော် သုံး၊ လေး ခေါက်ရောက် ပေမယ့် နန်းတော်ကြီးကို တစ်ခါမှ မတွေ့ လိုက်ရဘူး။ မတွေ့ ရဆို.. ကျနော်လဲ မြဘုရားဖူးပြီး၊ ကြာပန်းတွေကို ကြည့်၊ လုပ်ပြီးတာနဲ့  မြဘုရားထားတဲ့ အရှေ့ တည့်တည့်က အပေါက်ကနေထွက်ထွက်လို့ လေ။ ဆိုတော့ နန်းတော်ကို သွားချင်ရင်.. ညာဖက်ကို သွားပါ။ (ခုနက ပိတ်ထားတယ်ဆိုတဲ့ဖက်ကိုပေါ့) အဲဒီမှာ No Reentry (ထပ်၍ ပြန်မ၀င်ရ) ဆိုတဲ့ စာတမ်းထိုးထားတဲ့ အပေါက်ကို ၀င်လိုက်မယ်ဆိုရင်တော့ အပေါ်က နန်းတော်ကြီးကို တွေ့ ရပါမယ်။ ကျနော်ကြားတာတော့ အဲဒီ နန်းတော်က မိုးယိုလို့  တဲ့ဗျာ.. ဒါကြောင့်ပြတိုက်လုပ်လိုက်တာ..

ပြတိုက်ဆိုပေမယ့်လဲ ၀င်ကြည့်လို့ တော့ မရဘူးဗျ။ ကြည့်ယုံလေးပေါ့..



ဒါကနန်းတော်ကို အနီးကပ်ရိုက်ထားတာ..



အဲဒီနေ့ က ကံကောင်းချင်တော့ ကျောင်းသူ၊ သား တွေလာလည်တာနဲ့  Weapons Museum မရောက်ခင်က အဆောင်တံခါးက ဖွင့်ထားတော့ ကျနော်လဲ ရောရောင်ပြီးလိုက်ကြည့်တာ... အပေါ်ပုံကတော့ လသာခံ အဆောင်ပါ။ အဲဒါနဲ့  ကပ်ရက်ကတော့ ဘုရင့်ပုလ္လင်လဲ ရှိပါတယ်။ ဓါတ်ပုံရိုက်လို့  မရတာနဲ့ မရိုက်ခဲ့ပါဘူး...။



ဒါကတော့ လက်နက်ပြတိုက်ရဲ့ ဝင်ပေါက်ပါ။



အထဲမှာ ဓါတ်ပုံရိုက်လို့ မရတာနဲ့  အပြင်ကနေ ရိုက်ထားတာပါဗျာ...။



ရှမ်းကလေး

Friday, January 22, 2010

အော်... အချစ်တဲ့လား...

"စိုင်းစိုင်း... " ဟု အပြေးအလွားခေါ်ကာ အိမ်ပေါ်တက်လာတဲ့ ကောင်မလေး... ဆံပင်ခပ်ရှည်ရှည်နဲ့ 

"ဘာလဲဟ? ဖြည်းဖြည်းလာလဲရပါတယ်ကွာ စိုး ရာ" သူ့ နာမည်က စိုးနန္ဒာ။ ကျနော့်အရင်းနှီးဆုံး သူငယ်ချင်းပါ။ သူက သူဌေးသမီးလေ.. ကျနော်ကတော့ လယ်သမားသားတစ်ယောက်ပါ။

"ငါ ရှစ်တန်းအောင်တယ်ဟာ" ဟု ပြောလေ၏။ ကျနော်လဲ စိတ်ညစ်စွာနဲ့  ...

"ရှစ်တန်းအောင်တာများကွာ အဆန်းလုပ်လို့ .. ငါလဲအောင်တာပဲဟာ" ဟု ဘုဆတ်ဆတ်ပြောလိုက်သည်။ ရှစ်တန်းက အစိုးရဖြေဆိုပေမယ့် အဲလောက်ထိ မပျော်သင့်ဟု ကျနော်ထင်သည်။

"နင်ကလဲ.. ခံစားချက်ကို... မရှိဘူး။ ငါတို့  နောက်နှစ်မှာ ကိုးတန်းအတူတူတက်လို့ ရတာပေါ့..။ အင်းလေ.. နင်ကစာတော်တော့ အေ ခန်းရမှာပေါ့. ငါတော့... ဘီ ခန်းမှာပဲနေရမယ်ထင်တယ်." ဟု ပြောလေ၏။

အမှန်ပြောမယ်ဆိုရင် ကျနော်သူ့ ကို ချစ်နေတာပါ။ ဒါပေမယ့် သူမချစ်ခဲ့ရင် ဒီလိုမျိုး ဘ၀ကို လက်လွတ်ဆုံးရှုံးရမှာကို ကျနော်ကြောက်တယ်လေ။ သူ့ ကို ချစ်တယ်ဆိုပေမယ့် သူ့ အကြောင်းကို ကျနော်က သိပ်သိတာမဟုတ်.။ သူက တခြားမြို့ ကနေ လာတက်တာ.။ ဒီရှစ်တန်းရောက်မှ ကျနော်သူ့ ကို စတွေ့ တာလေ။ မြင်မြင်ချင်းစိတ်ဝင်စားတယ်ဗျာ။ ဒါပေမယ့် သူဘယ်မှာ နေမှန်းကို ကျနော်မသိဘူး။ ကျနော့်အိမ်က ကျောင်းနဲ့ မျက်နှာချင်းဆိုင်ဆိုတော့ အားလုံးလိုလိုက သိနေကြတာ။

ကျနော်တက်တဲ့ကျောင်းက အလယ်တန်းကျောင်း... ရှစ်တန်းအောင်တော့ တခြားကျောင်းကို ပြောင်းရပါတယ်။ ကျောင်းသစ်ရောက်တော့ ကျနော်က အေ အခန်းရပြီး "စိုး" က ဘီအခန်းရပါတယ်။ အဲဒီအချိန်မှာ ကျနော်နဲ့  တစ်တန်းထဲ ရှိပြီး အေတန်းရတဲ့ သူငယ်ချင်းက...

"စိုင်း.. ငါ အေ တန်းမနေချင်ဘူး.. ငါအခန်းပြောင်းချင်တယ်.. နင်လိုက်ပြောင်းပါလား"

ဆိုပြီးတော့ အဖော်ညိပါတယ်။ ပြောမယ်ဆိုရင်လဲ ကျနော်တို့ က ကျောင်းသားအသစ်တွေဆိုတော့ ဒီမှာ ဘယ်လိုရှိမှန်းမသိ။ ဆိုတော့ ကျနော်လဲ ...

"ကောင်းသားပဲ.. ငါတို့ ဘီအခန်းကို ပြောင်းရအောင်လေ" လို့ သာ ပြောပြီး ဘီ အခန်းကိုပြောင်းကြတော့ စိုး နဲ့ အတန်း အတူတူ ဖြစ်သွားတယ်။

ကိုးတန်းတုန်းကတော့ တော်တော်လေးကို ပျော်ခဲ့ပါတယ်။ ကျနော်နဲ့  စိုးက ကျူရှင်လဲ အတူတူ၊ သွားလာတာလဲ အတူတူပဲလေ။ ဒါပေမယ့်... သူ့ ကို ကျနော်ချစ်တဲ့ အကြောင်းမပြောမိပါဘူး...

အိမ်ကမှာထားတယ်ဗျာ... ဆယ်တန်းမအောင်ရင် လူရာမတိုးဘူးတဲ့လေ.. ဆိုတော့ ကျနော်လဲ အဟန့် အတားဖြစ်မယ့် အရာအားလုံးကို မလုပ်ဘူး။။ ရှင်းရှင်းပြောရင် ကျနော်စိတ်ဝင်စားတဲ့ ဂစ်တာကိုတောင် မတီးဘူး။။။ ဂစ်တာသီးရင် စိတ်လေတတ်တယ် လို့  အိမ်က ဆုံးမထားတာ။

အဲလိုနဲ့  စာမေးပွဲ ဖြေဖို့ အချိန်ရောက်လာပါတယ်။ စာမေးပွဲနီးတော့ ကျနော်လဲ ကျူရှင် ကို အမြန်ရောက်အောင်ပြင်ဆင်ပြီး အိမ်ကနေထွက်လာလိုက်တယ်။ လမ်းရောက်တော့ ကျနော့်သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ တယ်လေ။ အိမ်နီးနားချင်းကပေါ့။။ သူက ကျနော်နဲ့ လမ်းအတူလျှောက်ပြီး ...

"ဟေ့ကောင်... စိုင်းစိုင်း... မင်းသူငယ်ချင်းစိုးက တော်တော်ချစ်စရာကောင်းတယ်နော်.."

ကျနော်လဲ ဘုမသိ.. ဘမသိပဲ..

" အင်းဟုတ်တယ်.. ဘာဖြစ်လို့ လဲ?"

" အေး.. ငါသူ့ ကို ရည်းစားစာပေးထားတယ်ကွ.. သူက စာမပြန်သေးဘူး. မင်းငါ့အတွက်သူ့ ကို မေးပေးပါလား?"

ကျနော်.. ကြောင်တောင်တောင်ဖြစ်သွားပါတယ်။ မထင်မှတ်ပဲနဲ့  ကိုယ်ကြိုက်တဲ့ ကောင်မလေးကို ကိုယ့်သူငယ်ချင်းနဲ့  အောင်သွယ် လုပ်ပေးရမှာပါလားလို့ ။ ပြီးရင်ပြီးရော ဆိုတဲ့ သဘောနဲ့  ကျနော်လဲ..

"ငါမေးပေးမယ်လေ" ဟုသာပြောကာ ထွက်လာလိုက်သည်။

ကျူရှင်ပြီးသွားသောအခါ.. စိုးနဲ့ အတူတူလျှောက်ရင်း .. သူငယ်ချင်းအကျိုးဆောင်သောအနေနဲ့  (စိတ်ဆန်း ချင်တာလဲ ပါတာနဲ့ ) ..

"ငါ့သူငယ်ချင်း မင်းကို ရည်းစားစာပေးထားတယ်မဟုတ်လား?"

" နင်ဘယ်လိုလုပ်သိတာလဲ?"

" ဒီလိုပါပဲ။ ငါကြားတာပါ။ နင်သူ့ ကိုကြိုက်လား? "

"မကြိုက်ပါဘူးဟာ.. နင့်လိုဆိုရင်တော့ တစ်မျိုးပေါ့"

ဟုပြောကာ.. ထွက်သွားလေသည်။ ကျနော့်အိမ်နဲ့ နီးနေတော့ ကျနော်လဲ အိမ်ကို တန်းပြန်ခဲ့ပါတယ်။ အဲလိုနဲ့  စာမေးပွဲပြီးတော့ စိုး လဲ သူ့ မြို့ ကို ပြန်သွားလေရဲ့ ။

ကျောင်းပိတ်ရက်အတွင်းမှာ ကျနော်လဲ စေတနာ့ဝန်ထမ်းအနေနဲ့  ကလေးတွေကို ရှမ်းစာလိုက်သင်ပေးပါတယ်။ အဲလိုနဲ့  ကျောင်းပြန်ဖွင့်တော့ ကျနော်က အေ ရောက်ပြီး.. စိုးက စီ အတန်းထဲရောက်သွားပါတယ်။ အဲလိုနဲ့ နှစ်ကုန်လို့  စာမေးပွဲ ဖြေပြီးသွားတဲ့ အချိန်မှာ.. စိုးနဲ့  ကျနော်တို့  သူငယ်ချင်း တစ်သိုက် လျှောက်လည်ကြပါတယ်။

နောက်ပိုင်းမှာတော့ ကျနော်လဲ ဆရာလုပ်နေတာရယ်.. နဲ့ ပဲ အချိန်တွေကုန်လို့  စိုးနဲ့ မတွေ့ မိပါဘူး။

တစ်နေ့ မှာ ကျောင်းပိတ်နေတာနဲ့  ကျနော်လဲ အိမ်မှာ အေးအေးဆေးဆေးထိုင်နေတုန်း မထင်မှတ်ပြီး အိမ်မက်မင်းသမီးက ကျနော့် အိမ်ကိုရောက်လာပါတယ်။ ကျနော်က ပြုံးရွင်စွာ ကြိုဆိုရင်း... ၀မ်းသာလုံးဆို့ နေချိန်မှာ.. စိုးက ဖိတ်စာတစ်စောင်ကမ်းပေးပါတယ်။ မင်္ဂလာဖိတ်စာ.. သူ့ ရဲ့  မင်္ဂလာဖိတ်စာ...

ကျနော်မှာဖြင့် ၀မ်းသာရမလို.. ၀မ်းနည်းရမလိုဖြစ်ပြီးတော့ ပြုံး၍သာ

" ၀မ်းသာတယ်ကွာ" ဟုပြောလိုက်ပါတယ်။

ဖိတ်စာပေးပြီးတော့ သူမလဲ ပြန်ထွက်သွားပါတယ်။ တခြားနေရာ သွားစရာရှိလို့ တဲ့။

နောက်နေ့ မှာ ကျနော်လဲ သူမ မင်္ဂလာဆောင်အတွက် ပစ္စည်းထွက်ဝယ်ရင်း .. ၀မ်းနည်းစွာနဲ့  လဖ္ဘရည်ခွက် သုံးဆုံကို ပေးမှပဲ ဆိုပြီး ဆိုင်ရှင်ကို သေသေသပ်သပ် လုပ်ခိုင်းရင်း.. စိတ်မကြည်စွာနဲ့  အိမ်ပြန်ရောက်လာတယ်။ သူမ မင်္ဂလာဆောင်က မနက်ဖြန်ဆိုတော့လဲ..

မနက်ရောက်တော့ ဆိုင်ကယ်ကို စီးပြီး သူငယ်ချင်းကို ကြို ပြီးတော့ မင်္ဂလာပွဲကို သွားခဲ့တယ်လေ။ လက်မှာ က လက်ဆောင်နဲ့  ..

ရောက်တော့ သတို့ သမီးကိုယ်တိုင် ဆင်းကြိုတာပေါ့ဗျာ။ ပြီးတော့ ကျနော့်နဘေးမှာ လာထိုင်ပြီး ဘီယာတွေ ထည့်ပေးပါတယ်။ ကျနော်က ဘီယာကို မကြိုက်.. တစ်ခေါက်မှလဲ မသောက်ဘူးတော့ သိပ်မသောက်ချင်ဘူး.. အဲဒီအချိန်မှာ သတို့ သမီးက လိမ္မော်သီး တွေအခွံခွါရင်းခွံ့ ကြွေးပါတယ်။ လူအများကြားမှာ ရှက်ရှက်နဲ့  ကျနော်လဲ ...

" ငါ့.. ဖာသာ ငါစားပါ့မယ်ကွာ.. လုပ်ပေးစရာမလိုပါဘူး" ဟု ပြောတော့..

" နင်သိဖို့ က... ငါနင့်ကို လုပ်ပေးနိုင်တာ ဒါနောက်ဆုံးပဲ.. နောက်ပိုင်းမှာ.. ငါကြင်နာတာကို နင်ခံစားနိုင်မှာ မဟုတ်ဘူး။ နင့်လို လူအ ကို တော်လာအောင် ငါ မလုပ်နိုင်ခဲ့ဘူးပဲ.. "

ဟုပြောကာ ထွက်သွားလေသည်။

ကျနော့်မှာဖြင့် ဘာမှ မသိလိုက်ပဲ.. မင်္ဂလာဆောင်ပွဲကနေ ထွက်ခွာခဲ့ပါတယ်။။



ရှမ်းကလေး...

Thursday, January 21, 2010

ကြယ်တစ်ပွင့်

ငယ်ငယ်တုန်းက အမေပြတဲ့ကြယ်
ကောင်းကင်ထက်ဝယ် နင်အမြဲတောက်ပ

ပုံပြင်ထောင်သောင်း နင်အမြဲသယ်ဆောင်
လူတွေပြောင်းလဲ နင်အမြဲနေစဲ

အိပ်မရချိန် နင်အဖော်ပြုမဲ
ကောင်းကင်ထက်ဝယ် လင်းလက်စွာနဲ့ ပဲ

သက်တမ်းကုန်လို့  ငါကြွေသွားခဲ့ရင်
နင့်နဘေးမှာ အစဉ်ထာဝရ
နေခွင့်ပေးပါ ငါ့ရဲ့ ကြယ်တစ်ပွင့်..



လေပြေ..

အဖြစ်မှန်နဲ့  အဖြစ်မှားများ..............

တီဗွီဖန်သားပြင်ပေါ်က မလှမပ အရိုးခေါင်းနဲ့ အတူ... ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်ပါသည်..ဆိုသော ကြေငြာကို ကြည့်ရင်း... "အမ.. လန်ဒန်တစ်ဘူး" ဟုလှမ်းပြောလိုက်သည်။ ကျနော် စဉ်းစားတာက လူတိုင်းက တစ်နေ့ နေ့  သေရမှာပဲ.. ဒါပေမယ့် သေတဲ့အချိန်မှာ ဘာရောဂါနဲ့  သေမလဲဆိုတာပဲရှိတယ်လေ။ နာမည်ကြီးတဲ့ ရောဂါနဲ့ သေလဲ ဘာဖြစ်လဲလို့ ။ အဲ... အေအိုင်ဒီအက် (စ်) က လွဲရင်ပေါ့။

ဆိုင်ရှင်အမကြီးက ဆေးလိပ်ဘူးလှမ်းပေးရင်း.. "2300" ဟုပြောတော့.. ကျနော်လဲ အိတ်ကပ်ထဲက 1000 တန်နှစ်ရွက်ကို ထုတ်ပေး လိုက်သည်။ ထို့ နောက် ဆိုင်ရှင်အမကြီးက ခပ်နွမ်းနွမ်း ငါးရာတန်နှင့် အလွန်ဟောင်းနွမ်းကာ ပြတိုက်တွင် ထားသင့်သော 100 တန်၊ တစ်ရွက်နှင့် ၂00 တန်တစ်ရွက်ကိုပြန်အန်းလေသည်။

ထိုဟောင်းနွမ်းသော စက္ကူကိုကိုင်ရင်း ကျနော်သည် အိမ်သို့ ပြန်လာခဲ့သည်။ နှစ်ထပ်တိုက်အိမ်အ၀င်ဝတွင် ဖိနပ်များရောင်စုံ၊ မညီမညာ ပျံ့ ကြဲနေလေ၏။ ထိုမြင်ကွင်းကို ငေးကြည့်ရင်း..

ူ"အော်ဟုတ်သားပဲ... ငါ့အဒေါ် ဆုံးသွားတာကိုး" ဟု မှတ်ချက်ချကာ လူမမြင်ရာ ငါးကန်ဘေးတွင် ဆေးလိပ်ဗူးဖွင့်ကာ ဆေးလိပ်ထိုင်သောက်နေလိုက်သည်။ ထိုသို့ နှင့် အတိတ်က တရိတ်ရိတ်...

ကျနော့်အိမ်မှာက အဘိုး၊ အဘွား နဲ့  အပျိုကြီးအဒေါ် တစ်ယောက်ရယ်၊ အဘွားရဲ့  အမေရယ်၊ လက်ရှိဆုံးသွားတဲ့ အဒေါ့်ရဲ့ယောင်္ကျား နဲ့  သူ့ သမီးရယ်၊ ကျနော်ရယ် ခုနှစ်ယောက်တည်းနေတာပါ။ တခြား မိသားစုဝင်တွေတော့ ကိုယ့်အိမ်ထောင်နဲ့  ကိုယ်က တစ်ကြောင်း၊ ဘုန်းကြီးဝတ်နေတာက တစ်ကြောင်းကြောင့် အိမ်မှာမရှိပါဘူး။

ဒီဆုံးသွားတဲ့ အဒေါ်နဲ့  ကျနော်နဲ့  က သိပ်မကိုက်ဘူးဗျ။ ကျနော်က ည လျှောက်လည်ပြီးတော့ ပြန်အိပ်ပြီးရင်.. ဒီအဒေါ်က ကျနော့်ကို မမြဲတမ်းစောစောနိုးတယ်။ နိုးတော့ ကျနော့်မှာက ဘာမှ လုပ်စရာမရှိတော့ ပျင်းတယ်ပေါ့ဗျာ။ ကျနော်က ပန်းရံလဲမတတ်.. ဆေးသုတ်လို့ လဲမရ.. လယ်လဲ မလုပ်တတ်.. ငယ်ငယ်ကတည်းက လုပ်တာဆိုလို့  ကျောင်းတက်တာပဲရှိတယ်။ ခုတော့ ၁၀ တန်းအောင် ပြီလေ။ နှစ်ချင်းပေါက်ပါပဲ. ..ကုန်ထူးတော့ မပါဘူးပေါ့။ ဆယ်တန်းအောင်ပြီးတော့လဲ ဘာမှ လုပ်ကိုင်လို့ မရ.. ကျနော့် သူငယ်ချင်းတွေကတော့ ဆိုင်ကယ် အပြေးလိုက်တယ်လေ။

အိမ်ကလဲ ကျနော်ဘာမှ မလုပ်တတ်မှန်းသိတော့ ဘာမှ သိပ်မပြောပါဘူး.. မပြောပေမယ့် ကျနော်လဲ သူငယ်ချင်းတွေနဲ့ လိုက်ပြီး အဌားလိုက်တာတွေလုပ်ပါသေးတယ်။ အဲဒီတုန်းက တစ်မနက်ကို 500 ရတယ်လေ။ မနက်ပြီးတော့ နေ့ လယ်မှာ စပါးရိတ် အဌားလိုက်တယ်။ တစ်ခါမှ မလုပ်တတ်တဲ့ ကျနော့်ကို အလုပ်ရှင်က ကြည့်ပြီး.. တစ်နေ့ လုပ်ခထုတ်ပေးပြီးတော့ "ပြန်ပါတော့ကွာ... မင်းလက်မ ပြတ်တာကို ငါမမြင်ချင်ဘူး" ဆိုပြီးတော့ မောင်းထုတ်တယ်လေ... အင်း.. ကျေးဇူးပဲ တင်ရမလား... တောင် မသိဘူး..

အဲ... လူငယ်သဘာဝဆိုတော့ ရည်းစားလေးက ရှိသေးတယ်ဗျာ။ သူ့ ခမျာ မေးရှာပါတယ်... "ငါတို့ လက်ထပ်ပြီးရင် ဘာအလုပ် လုပ်မလဲတဲ့? " အော်.. ခက်ပါ့ဗျာ... တစ်အိမ်လုံးက ပညာတတ်ဖြစ်ပါစေဆိုပြီး ကျောင်းထားတာလေ... ဘာမှကို မလုပ်ရဘူး..။ ခုတော့ အိမ်က လူတွေ လူတကာကို " ငါ့မြေးက ဆယ်တမ်းကို နှစ်ချင်းပေါက်အောင်တယ်ဆိုတဲ့" စကားက လွဲရင် ဘာမှ မရှိဘူးဖြစ်နေတယ်လေ။ နောက်ဆုံးမှာတော့ သူလဲ ကျနော့်ကို မစောင့်နိုင်ပဲ မင်္ဂလာဆောင်သွားတယ်လေ... (ဘ၀..ဘ၀)

အတိတ်...

ကျနော်လဲ မုဆိုးဖိုလို့  ပြောလို့ ရပါတယ်လေ။ ကျနော်က အသက် 15 ထဲကအိမ်ထောင်ပြုတယ်လေ။ အိမ်ထောက်ပြုပုံက ဒီလိုဗျ..

ကျနော့် အဖိုးအိမ်ကိုလာလည်ရင်း... ကျနော့် အမျိုးတစ်ယောက်က အိမ်သစ်တက်ပွဲရှိတယ်... လာလုပ်ကူပါဆိုပြီး ကျနော့်ကို ဖိတ်တယ်ပေါ့နော်... အဲလိုနဲ့  ကျနော်သွားလုပ်ကူတယ်လေ... အိမ်ပေါ်ရောက်တော့ ကျနော့်ဦးလေးက သူ့ သမီးနဲ့ အတူ ပရိတ်ကြိုး သွားချီပါဆိုပြီးတော့ ပြောတာပေါ့.... ပရိတ်ကြိုးချီတယ်ဆိုတာက ကံကောင်းအောင်နဲ့  သက်ကြီးရွယ်အိုတွေက ဆုပေးတာဆိုတော့ အဆန်းမဟုတ်ဘူးလေ..

ကျနော်လဲ ခပ်တည်တည်နဲ့  သွားအချီခံတာပေါ့... ကလေးပဲဟာ... အဲလူကြီးတွေဆုပေးတာကို နားထောင်မိတော့မှ ကျနော်ထ မပြေးမိအောင် မနဲကြိုးစားရတယ်ဗျာ...လူကြီးတွေဆုပေးတာကလဲ "ဒီလင်မယား အိုအောင်မင်းအောင် ပေါင်းနိုင်ပါစေတဲ့ဗျာ "။ ဆုပေးတဲ့ သူတွေထဲမှာ ကျနော့်ဦးလေးနဲ့  အဘိုးလဲ ပါပါတယ်။ သူတို့ က လဲ ခပ်တည်တည်ပဲဗျ. ... ဘာမှကို မပြောဘူး...

ချီပြီးသွားတာနဲ့ ကျနော်လဲ အိမ်ကိုပြန်... ပြီးတော့ ပရိတ်ကြိုးတွေကို အားလုံးဖြတ်ပြီးလွင့်ပစ်လိုက်တယ်... "မဆီမဆိုင်ကိုယ် က သူများယောင်္ကျား ကြားကနေ ဖြစ်ရပါလားနော်.... "

"အဟွတ်.. ဟွတ်..." အတိတ်ကိုတွေးရင်း ပြုံးမိတော့ ချောင်းတောင်အလွန်ဆိုးမိသွားတဲ့ ကျနော့်ဘ၀... ၀မ်းနည်းမလိုလိုနှင့် နောက်ဆုံးတော့လဲ ရယ်စရာဖြစ်နေသည် မဟုတ်ပါလား... အဲ... နောက်မကြာခင်မှာပဲ ကျနော့်ဦးလေး သမီးလဲ ဆုံးသွားပါတယ်... သူဆုံးချိန်က အသက် 30 ရှိနေပါပြီ...

သောက်ပြီးသွားတဲ့ ဆေးလိပ်ကို မီးသတ်ပြီးတော့ ကျနော်လဲ အိမ်ပေါ်သွားပြီး ကူသင့်သည်ကို ကူမည်ဟု စိတ်ကူးကာ အိမ်ပေါ်သို့  တက်လာခဲ့သည်။ ကျနော့်အဖိုးကတော့ ထုံးစံအတိုင်း ကွမ်းအစ်ကိုဖွင့်ကာ ကွမ်းယာ ၀ါးနေလေသည်။ အိမ်အလယ်မှာတော့ အခေါင်း တစ်လုံး...အခေါင်းအောက်မှာတော့ မျက်ရည်များနဲ့  ငိုနေတဲ့ ကျနော့် အဘွား...

အဘွားငိုနေသည်ကို ကြည့်ရင်း..ကျနော်လဲ မည်သို့ ဖြေသိမ့်ရမည်မှန်းကိုမသိတော့... နောက်ဆုံးတော့ မသိကျိုးကျွန်သာ ပြုမိလေသည်။


ထိုအချိန်တွင်... အဘွားက

"အဖြစ်ဆိုးလှချီလား ငါ့သမီးရယ်... မင်းကို ကုသဖို့ ... ပိုက်ဆံမရှိလို့ မင်းဒီလိုဖြစ်ရတာ" ဆိုတဲ့စကားကို ကျနော်ကြားလိုက်တော့ အဘိုးကို အမှတ်မထင်ကြည့်မိပါတယ်။ အဘိုးကတော့ "မပြောပါနဲ့ " လို့ သာပြောပြီး ကွမ်းယာ စားနေပါတယ်။ အဘိုးက စကားနည်းတယ်... သိပ်မပြောဘူး...

အဲဒီအချိန်မှာ... ကျနော့်အိတ်ကပ်ထဲကို အမှတ်မထင်သွားစမ်းမိတယ်... မှာမှာတောင့်တောင့်အရာ... ကျနော်သိပြီ ဒါက ဆေးလိပ်ဘူး. တစ်နေ့ နေ့ မှာ ကျနော် ဆေးလိပ်အရမ်းသောက်လို့  ကင်ဆာ ဆိုတဲ့ ရောဂါရခဲ့ရင်... ကျနော့်အဖိုး၊ အဘွားတွေလဲ ဒီလိုပဲ ကျနော့်ကို ကုသဖို့  ပိုက်ဆံရင် တော်တော်လေးကို ၀မ်းနည်းနေရမှာ ပဲနော်...

ဆိုတဲ့ အတွေးဝင်လာတဲ့အချိန်မှာ ...

ကိုယ်က ကိုယ့်ဒုက္ခကိုယ်ရှာတဲ့အပြင် ကိုယ့်ရဲ့ မိသားစုကိုပါ စိတ်မချမ်းသာစေပါလား..ဆိုတဲ့ အတွေးတွေက ဆိုးမိုးလာပါတယ်။ အဲဒါနဲ့  ကျနော်လဲ ဆေးလိပ်ဘူးကို ကျနော့်အခန်းက အမှိုက်ပုံထဲပြစ်လိုက်ပါတယ်။ ....

ရက်တွေကြာတော့ ကျနော်ဆေးလိပ်ပြန်သောက်ချင်လာပါတယ်... ကျနော့်အခန်းက အမှိုက်ပုံကလဲ နဂိုအတိုင်းပါပဲ... ဆေးလိပ် အပြည့်နဲ့ ပါ... သောက်မယ်လုပ်တိုင်း အဘွားရဲ့ ငိုသံက နားထဲမှာ ပဲ့တင်ထပ်နေတယ်ဗျာ...


ရှမ်းကလေး... (... ဖြတ်နိုင်ပါစေဗျာ... တခုခုပေါ့...)

အော်... မစင်ကြောင့်ကိုး......

ငါ့ထိပ်မှာပျံနေတဲ့ ငှက်ကို
စိတ်နောက်စွာနဲ့  ခဲနဲ့ ပေါက်
ငါ့နဖူးမှောက်မှောက်ပေါ် ခဲပြန်ကျ။

နာကျင်စွာနဲ့ တောက် ကိုငါခေါက်..
အိမ်ရောက်တော့ ကုလားထိုင်မှာထိုင်
စိတ်တိုစွာနဲ့  တံတွေးထွေးတော့...

အိမ်အောက်ကခွေးထိ
ငတိက မှုန်တုန်တုန်
လူမိုက်လိုပြန်ငေး...
စိတ်အေးရအောင် ငါမောင်းထုတ်..

အမြီးကုတ်ကုတ်ဆောင်
လဒခွေးကောင် (ကာရန်အတွက်တာ)
လမ်းမှကြောင်ကိုတွေ့ 
ဒေါသငွေ့ နဲ့ 
ကြောင်ကိုလိုက်ကိုက်...

မမိုက်တဲ့ငကြောင်
သစ်ပင်ပေါ်တက်ပြေး
အေးချမ်းသွားမှ
အိမ်ပြန်လှည့်လာ..

မီးဖိုချောင်မှာက
အကြံသခိုး နှုတ်ခမ်းမွေးနဲ့ ကြွက်...
ဒေါသမိုးဆွေတော့
ငကြောင်က ကြွက်ကိုလိုက်.. ။

ထမင်းငဲ့ပြီးလို့  ၀င်လာတဲ့
ဆံရှည်မိန်းမ ကြွက်ကိုတွေ့ တော့
အား လို့ လန့် အော်..
ရောင်ရောင်နဲ့  ထမင်းအိုးလွတ်ကျ...

လက်ကျန်ထမင်းက ကြမ်းမှာပုံ
ဂလုံ..ဂလုံ အော်တဲ့ဗိုက်...

မဆီမဆိုင် ထမင်းဆာလို့ စိတ်တို
လင်မယား... မျက်လုံးချင်းဆိုင်
သူ့ အပြစ်..ငါ့အပြစ် ရန်လေးဖြစ်
စိတ်ညစ်စွာနဲ့  ကွာရှင်း...

အော်...အပြစ်က
ငါ့အပေါ် မစင်စွန့် တဲ့ ငှက်ပါလားနော်...


ရှမ်းကလေး.... :D..

Saturday, January 16, 2010

အမေ.....တဲ့

“ချမ်းလိုက်တာ…..”

ခမောက် အမိုးထဲကို ၀င်နိုင်သမျှ ၀င်အောင် ကိုယ်ကိုကျုံ့ ၀င်ရင်း ညီးတွားမိပါတယ်…အဝေးကကြည့်ရင် လူကိုတွေ့၇မယ် မထင်ပါ ခမောက် အကြီးကြီး တစ်ခုကိုပဲတွေ့နိုင်ပါလိမ့်မယ် ကျနော့် အတွက် ဒီခမောက် က မိုးကာလဲ ဟုတ်..ထီးလဲ ဟုတ်ပါတယ် …မိုးတွင်းအဆက်ဆက်တိုင်းကို ဒီ ခမောက်လေးနဲ့ပဲ ဖြတ်ကျော်ခဲ့ပါတယ်…အခုလဲ မိုးဖွဲဖွဲလေး ကျနေပါတယ်…ကျနော့်
ခြေထောက်တွေ လဲ အေးစက်နေပါပြီ…ဒါပေမယ့် ကျနော် အိမ်မပြန်ချင်သေးပါ.. ။

ကျနော့် အမေနေမကောင်း ဖြစ်တာ တပါတ်လောက်ရှိပါပြီ အခုမှ အဖျား ပျောက်ကာစဆိုတော့ အားနည်နေပါတယ် .. အမေ့ကို ငါးဟင်းစွတ်ပြုတ်လေး ပြုတ်တိုက်ချင်လို့မိုးရွာကြီးထဲမှာ ကျနော် ငါးထွက်မျှားနေတာပါ…။

“ဟာ…တွတ်ပြီ…”

ဒေါင်းမှီးနဲ့လုပ်ထားတဲ့ ဖော့တံလေးက လှုပ်လာပါတယ် ပေါ်ချီ မြုပ်ချီမဟုတ်ပဲလှုပ်ရုံတင် လှုပ်တာဆိုတော့ ငါးကြီးဖြစ်ဖို့ များပါတယ်…

“ငါးရံ့ ရရင်ကောင်းမယ် …”

ဖော့မြုပ်သွားပါပြီ..ဘူစီပေါင်းတွေ ပလုံစီအောင်တတ်လာတာကိုကြည့်ခြင်းအားဖြင့် ငါးခူဖြစ်မယ် ထင်ပါတယ်.. ဖော့မြုပ်တဲ့ ဖက်နှင့်ဆန့်ကျင်ဖက်ကို ခပ်ဆပ်ဆပ်လေး ရိုက် ဆွဲတင်လိုက်ပါတယ်…။ထီးရိုးဝါးဖြင့်လုပ်ထာတော့ ငါးမျှားတံ ကညွှတ် ပြီးပါလာပါတယ်…

“အာ.. အကြီးကြီး ပဲဟ…”

ဟုတ်ပါတယ် ငါးခူ ကြီးက နှုတ်ခမ်းမွှေး အ၀ါနဲ့ ကျနော့်လက် တတောင်ကျော်ထိအောင်ကိုကြီး လှပါတယ်…ငါးခူ အစွယ်က အဆိပ်ရှိပါတယ်သတိကြီးစွာထားပြီးတော့ သူ့ရဲ့ အစွယ်နှစ်ဖက်အောက်ကို လက်ညှိုး လက်သန်းထည့်..အောက်မေးရိုးကို လက်မနှင့် လှန်ချ ပြီးတော့ချိတ်ကိုဖြုတ်လိုက်ပါ..အဲ့လိုဖြုတ်တတ်ဖို့ ငါမျှားတတ်တဲ့ဦးလေး ကြီးဆီမှာအချိန်တော်တော်ကြာ သင်ခဲ့ရတာပါ..။

ငါးကိုသေချာကြည့်လိုက်တော့ ဗိုက်ဝိုင်းကြီးပါ ဖြူလဲ ဖြုနေပါတယ်..ဒါ ငါးခူအထီး ကြီးပါ..ငါးခူ အကောင်ကြီးတွေက အဖော်နဲ့ နေတတ်ပါတယ် ဒီအချိန်က ငါးတွေ သား ကျချိန်ဆိုတော့ငါးအမကြီး ရှိနိုင်ပါတယ်..ကျနော်လဲ ဘေးပါတ်ဝန်းကျင် တလျောက်
လိုက်လေ့လာကြည့်လိုက်ပါတယ်…

“ဟာ”

တွေ့ပါပြီ ငါးသားအုပ်ကြီးပါ..ငါးခူအုပ်ဆိုတာ ကြည့်တာနဲ့ သိပါတယ် မည်းမည်းနဲ့ ငါးသားလေးတွေ လဲ အများကြီးပါ... အဲ့ဒီအောက်မှာ ငါးမကြီးရှိပါတယ်..ငါးအမ များဟာ အထီးများထက် အကောင်ကြီးကြပါတယ်...သားချ ထားလို့
ပိန်တော့ ပိန်တတ်ပါတယ်…

“အင်း ငါးသားလေးတွေ ကကြီးတော့ တီနဲ့ ချလို့ကတော့ သူတို့ ၀ိုင်းစားကြတာနဲ့ ကုန်မှာ ပဲ ပိုးဟပ်နဲ့ မျှားမှ”

ကျနော့် စိတ်ကူးနဲ့ ကျနော် အစာချလိုက်ပါတယ်…ငါး အမေ ကြီးရဲ့ ဟာ သူတို့သားအုပ်ပေါ် ဖြတ်ပြေးတဲ့ မွေက အစ ဟပ်ပါတယ် ..။ သားသမီးကို ကာကွယ်တတ်သောမိဘ တွေရဲ့ ပုံစံ အမှန်ပါ..။ကျနော့် အစာကိုလဲ တန်းပြီးဟပ်ပါတယ်..။

ကျနော် ငါးအမေ ကြီးကိုဆွဲတင်လိုက်ပါတယ်..အားပါးပါး ဒီတစ်ကောင်က ပိုတောင်ကြီးပါသေးတယ်..ကျနော် ရဖူးတဲ့ ငါးခူတွေ ထဲမှာ ဒီအကောင်လောက်ကြီးတာတော့ မတွေ့ဖူးပါတကောင်တည်း နဲ့တင် ၅၀ သားကျော်လောက်ရှိပါတယ်…။

ကျနော် ငါးတွေကို ကြေးနန်းကြိုးနဲ့ သီပြီး ပြန်ဖို့ပြင်လိုက်ပါတယ်…။ငါးအုပ်ကို ပြန်ကြည့်မိတယ်…သူတို့ အရင်လို မိခင်နောက်ကို
အုံခဲပြီးလိုက်နေ သလိုမျိုး တစုတဝေးထဲ ဖြစ်မနေတော့ပါ..ဦးတည်ရာမဲ့လျောက်သွားနေပါတော့တယ်…ဒီထဲမှာ တချို့က ကံကောင်းပြီး အသက်ရှင်နိုင်သလိုတချိုကျတော့လဲ ငါးအကြီးကြီး တွေရဲ့ အစာ ဖြစ်သွားမှာပါ…အော် သူတို့ မိဘမဲ့ဖြစ်သွားပြီကိုး…။
………………………………………………………………………………………………..
“အမေရေ အမေ အမေ..”

"ဟဲ့ သားလေး ဘယ်တွေ လျောက်သွားနေတာလဲ မိုးရွာနေတာကို "

“အမေ သားငါးခူ ဖမ်းလားတယ်”

“ဟယ်ကြည့်စမ်း သား အမေဘာပြောထားလဲ သူများအသတ် မသတ်ရဘူးလို့ ပြောထားတယ်လေအမေ့စကား ကိုနားမထောင်ဘူးပေါ့ …ဟုတ်လား ကိုဇင်”

“သားက အမေ့ကို စွတ်ပြုတ်လုပ်တိုက်ချင်လို့ပါ..အမေ နေကောင်းကာစ ဆိုတော့အားရှိအောင်ပါ..”

အမေက ကျနော့်ကိုကြည့်ရင်း မျက်ရည်ဝဲလာပါတယ်…

“လာ သားလေး ခေါင်းတွေ သုတ်စမ်း ဖျားတော့မှာပဲ ဒီကလေးကတော့…”အမေ ကျနော့် ကို မဆူ ရက်တော့ ပါ...။

“အမေ ငါးခူကို ရွက်ယိုရွက်နဲ့ ချက်စားရအောင်နော် ..ပိုတာကို အမေ့အတွက်စွတ်ပြုတ်လုပ်ပေးမယ်..”

“အမယ် နင့်ငါးခူ ကဘယ်လောက် ကြီးလို့လဲ..”

ကျနော်လဲ အိမ်ဘေးက စဉ်းအိုးဘေးမှာ ချထားတဲ့ ငါးခူနှစ်ကောင်တွဲကိုလက်ညိုးထိုးပြလိုက်ပါတယ်..

“ဟိုမှာလေ..”

“ဟယ်တော့ အကြီးကြီး ပဲ…သားလေး အိမ်မှာ ထမင်းချက်ထား ဒီအချိန် ဆိုဈေးမကွဲသေးဘူး အမေး ဈေးမှာ သွားရောင်းလိုက်မယ်…”

“အမေ့…..ငါးခူနဲ့ ရွက်ယိုရွက် လေ….”

“သားလေး အိမ်မှာဆန်ကုန်နေပြီလေ..ဒါလေးရောင်းရရင် အဆင်ပြေမှာ..သားကလိမ္မာပါတယ် နောက်မှ အမေအဆင်ပြေရင် သား စားချင်တာချက်ကျွေးမယ်လေ..အော်နောက်တစ်ခါတော့ အဲ့လိုငါးထွက်မျှားတာ အမေခွင့်မပြုနော် သားလေး …ကို့ရဲ့
အခက်ခဲ အတွက် သူများ အသက်ကို သတ်တာ သိပ်အောက်တန်းကျတယ် နော်သား”

“ဟုတ် ကဲ့ပါ အမေရဲ့..အမေ မြန်မြန်ပြန်လာနော် နေကောင်းသေးတာလဲ မဟုတ်ဘူး”

“အေးပါသားရဲ့ အမေ နေကောင်းနေပါပြီ..ထမင်းချက်ထားနော်..”

အမေက ပြောရင်းနဲ့ ဇလုံထဲကို ချိန်ခွင်တွေ ဓါးတွေ ၊ ငါးတွေ ထည့်ပြီးခါးစောင်းတင်ရွေ့ ထွက်သွား ပါတော့သည်..။
……………………………………………………………………………………….
“ငါးခူတွေ ရမယ် ငါးခူတွေ လတ်တယ်နော်…လတ်တယ်…”

သူမအသံမှာ အားလုံးဝ မရှိပါ…သူမဘေးမှ အသံစာစာဖြင့်အော်ရောင်းနေသောတခြားငါးသည် တွေရဲ့ အသံကို ဖုံးသွားအောင်လဲ သူမ
မအော်နိုင်ပါ…ဒါပေမယ့်သူမ အဆက်မပြတ် အော်နေပါတယ်...။

“ငါးခူတွေ ရမယ် ငါးခူတွေ”

“အမကြီးဈေးကောက်…”

“အဲတော့ မောင်လေးရယ် အမမှာ တစ်ကျပ်မှ ကိုမရှိတာပါ…”

“ခင်ဗျားတို့ ကလဲ ပြောလိုက်ရင်အဲ့လို ကြီးပဲ ကျူပ်တို့ကလဲကောက်ချင်လို့ကောက်နေတာ မဟုတ်ဘူးဗျ ကောက်ခိုင်းသလောက်
မရရင်အိပ်စိုက်ရမှာဗျ”

“အေးပါ ကွယ် အမ ငါးရောင်းရရင် ပေးပါ့မယ် ပြန်လာခဲ့ နော်…”

ဈေးကောက် ကောင်လေးမှာ မကျေမနပ်ဖြင့် ထွက်သွားပါတော့တယ်..အော်သူလဲသူ့ဒုက္ခနဲ့ သူပဲလေ..
…………………………………………………………………………………………..
“အမေ သမီး ငါးခူ ကြော်စားချင်တယ်…”

“ဟုတ်လား သမီးစားချင်ရင် အမေကြော်ကျွှေးမှာပေါ့ ဒီအချိန်က ငါးခူရပါ့မလားတောင် မသိဘူး…”

“အမေ အကြီးကြီး ကိုကြော်စားချင်တာနော်…”

“အေးပါ တွေ့ရင် အမေ ၀ယ်ပါ့မယ် သမီးကလဲ..”

“မေမေ ဟိုမှာ နှုတ်ခမ်းမွေးကြီးနဲ့ …ဟိုမှာ ငါးခူတွေ..”

“ဘယ်မှာလဲ သမီးရဲ့ အော် ဟိုမှာ လာလာ သမီး..”

ပျံကျဈေးပေမယ့် လဲ ဈေးဝယ်လို့ ကောင်းလို့ ဒီဈေးကိုပဲ လာလာဝယ်ဖြစ်ကြပါတယ်…ဒီနေ့လဲ ဒေါ်သွယ်တယောက် ကိုယ်တိုင်
ဈေးဝယ်ထွက်လာခဲ့ပါတယ်..ဒီမြို့နယ်မှာတော့ ဒေါ်သွယ်တို့က လူချမ်းသာစာရင်းဝင်တွေ ပါ..။

“ဟိတ်.. ငါးခူ ဘယ်ဈေးလဲ …”

“၈၀ ပါ အမ…”

“ဟဲ့ ညည်းဟာက များလှချီလား လျော့ပါဦးဟ…”

“အမ ရယ် ငါးခူဈေးက ၁၀၀ ပါ ညီမက ခေါင်းရွက်ဗျက်ထိုးဈေးသည်မို့လို့လျော့ရောင်းတာပါ..”

“နင့်ငါးခူတွေ ကလဲ ကြီးလှ ချီလား ဘုရားငါးခူတွေ ဖြစ်နေမယ်နော်…”

“မဟုတ်ပါဘူး အမရယ်…ကျမသားလေးကိုယ်တိုင် အိမ်ရှေ့ ကန်ကြီးထဲက မျှားလာတာပါ..”

“အမလေးနော် လိုက်လဲ လိုက်တဲ့သားအမိပဲ ကဲကဲနှစ်ကောင်လုံးချိန်လိုက်…အလေးမခိုးနဲ့နော်…”

“စိတ်ချပါ အမရဲ့… အားလုံး ၉၅ ကျပ် သားပါ အမ ၉၀ သားပဲ ထားလိုက်ပါ့မယ် ရ၂၀ ပါ..”

“၇၀၀ ပဲထားလိုက် ရော့ ..ကိုင်ပေးဦးနော်…”

“ဟုတ်ကဲ့အမ ..”

သူမ ငါးကိုအချွှဲ ချွတ် ပြီး ဆူးတောင်တွေ ခုတ်ပေးလိုက်ပါတယ်…။ကုန်ပြီ ပြန်ရုံပါပဲ..သူမပါလာသော ပစည်းများကို အလျင်အမြန် ကောက်သိမ်းလိုက်ပါတယ်..။သူမရဲ့လှုပ်ရှားမှု မှာ ပေါ့ပါးလွန်းလှပါတယ်…။လက်ချိုးခြေခတ် ခပ်သွက်သွက်ဖြင့်
ကခတ် နေသော ကချေသည် မလေးနှင့်ပင်တူနေပါတော့သည်..။

“သားလေးတော့ ဆာနေတော့ မှာပဲ..”

သူမ ကုန်စုံဆိုင် ကို အပြေးလေး သွားရင်း ပဲနဲ့ ဆန်ဆီအနည်းငယ်ဝယ်လိုက်ပါတယ် ဈေးထဲ ကို ပြန်ပြေးပြီး ဘူးသီးတစ်လုံးလဲ
ဝယ်လိုက်ပါသေးသည်…ညနေစာအတွက် ကတော့ လမ်းထိပ်ထမင်း ဆိုင်မှာ ပဲ ၀က်နံရိုးတစ်ရာဖိုးနဲ့ ငါးပိရည်တို့စရာ များဝယ်လာလိုက်ပါတယ်..

“အင်း သားလေး ကျေးဇူးနဲ့ နက်ဖြန်တော့ ဘူးသီးကြော်နဲ့ ဘယာကြော်လေးပြန်ထွက်နိုင်မယ်ထင်တယ်..”

သူမ နေမကောင်းဖြစ်တဲ့ တပတ်မှာ အိမ်စရိတ် ဆေးဖိုးနဲ့ သူမရဲ့ လက်လုပ်အကြော်ဆိုင်လေး အရင်းပြုတ်သွားခဲ့တာပါ..
……………………………………………………………………………………..
“ဆရာမ ..”

“ဆရာမ”

ဒုတိယ မြောက် ခေါ်သံနဲ့အတူ မည်သည့်စာရင်းတွေ လုပ်နေသလဲ မသိသောကျနော့်၏အတန်း ပိုင် ဆရာမ မျက်လွှာပင့်ပြီးတော့
ကျနော့်ကိုကြည့်ပါတယ်..ပြီးတော့ မှ ကျနော့်ရဲ့ ဟောင်းနွမ်းနေသောကျောင်းဝတ်စုံနဲ့ ပုံစံခပ်မှိုင်းမှိုင်းကို မြင်မိပြီး ရွံ သလို ကိုယ် ကို
ရို့ သွားပါတယ်..

“ပြော ဘာလဲ..”

“ဆရာမ ကျနော့် အင်္ဂလိပ်စာ အမှတ်တွေ က ပေါင်းတာ မှားနေလို့…”

“ပြစမ်း ဘယ်နားမှားလို့လဲ ဆရာမ သေချာပေါင်းထားတာပဲ”

“ဒီမှာ ဆရာမ (၇) မှတ်တန် နှစ်ပုဒ်နဲ့ (၆ )မှတ် တန် တစ်ပုဒ် လေသားအကုန်မှန်တဲ့ဟာကို ဆရာမက ၁၀ မှတ်ပဲရေးထား ပြီးတော့ ပေါင်းထားလို့…”

“အာ ဟုတ်သားပဲ ကြည့်ဦး ဆရာမ ကလဲ အလုပ်တွေ ရှုပ်နေတာနဲ့ သေချာတောင်မကြည့်မိဘူး..သားကလဲ အခုမှ လာပြောရလား အမှတ်တွေ ကရီပို့ ကတ်တွေ ထဲတောင်ရောက်နေပြီ..”

“သားတို့ အဖြေလွာစာအုပ်က မနက်ကမှရလို့ပါ ဆရာမ…”

“အော် အေးအေး သားနာမည်က ဘယ်သူ ဇင်ယော် နော်..သားက တော်သားပဲအဆင့်လေးတဲ့…တော်ရောပေါ့သားရယ် အဆင့်လေးဆို ရှေ့ဆုံးတန်းမှာထိုင်ရမှာနော်…”

“ဆရာမ ဒီတဟ်ပါတ် အဆင့် တစ်က ဘယ်သူလဲ ဟင် “

“အော် ဒီတပါတ် က ကျော့ကေသွယ်ရတာ..”

သြော် ကျောင်းဆင်းရင် ကားဖြင့်လာလာကြို တတ်သော သဌေးမကြီး ဒေါ်သွယ်ရဲ့ သမီးကိုး..အဲ့ဒီကားဖြင့် ကျောင်းဆင်းတိုင်း ဆရာမလဲ ပါပါ သွားတတ်တာ ကိုတွေ့ဖူးပါတယ်..

“အကယ်ရွှေ့ အခုလိုနေတဲ့ ၁၀ မှတ်ကို ထည့်ပေါင်းရင် သားအဆင့်ဘယ်လောက်ရမလဲ ဟင်..”

“အင်း သားက တစ်ပေါ့ ဒါပေမယ့် ပေါင်းလို့ မရတော့ ဘူးသားရဲ့ နောက်တစ်ပါတ်မှ အဆင့် တစ်ယူတော့နော်…”

“ဟုတ်…”

ဟုတ်လို့သာ ပြောရတာ သိပ်တော့ မကျေနပ်ချင်လှပါ ..ကျနော်က အရင် လပါတ်လေးတွေမှာ အမြဲတမ်း အဆင့်တစ်ရခဲ့တာပါ ဒါပေမယ့် ကျနော့်နေရာက တတိယတန်းပြတင်းပေါက် အစွန်ကနေ လုံး ၀မတတ်ပါဘူး ကျနော့်ပုံစံ နဲ့ရှေ့ဆုံးတန်းထိုင်ရင် A ခန်ဂုဏ်ငယ်မယ်လို့ ထင်လို့နေမှာပါ..ဒီတစ်ခါဖြေထားတဲ့ စာမေးပွဲက ပထမ အစမ်း စာမေးပွဲ ကြီးပါ ..ဒီစာမေးပွဲ မှာ အဆင့် (၁) ရတဲ့ လူတိုင်းကို ကျောင်းအုပ်ကြီးက ဆုချ မြဲပါဒါကြောင့်ကျနော် လိုချင်ခဲ့တာ ပါ ခုတော့ မရနိုင်တော့ ပါတဲ့လေ..ဘာလို့
မရနိုင်ပါလိမ့်လို့ တွေးနေရုံကလွဲရွေ့လဲ ကျနော် ဘာမှ မတတ်နိုင်ပါ..။
…………………………………………………………………………………………….
“အမေ့..

“ဟဲ့ ပလုပ်တုတ် အမလေး လန့်လိုက်တာနော် သားလေး ကျောင်းကပြန်လာပြီလား…”

“အမေရောင်းကောင်းလား …”

“ကောင်းပါ့တော် အခု ဘယာကြော်လေး နည်းနည်းကျန်နေလို့ စောင့်နေတာတယောက်စာပဲ ကျန်တော့တယ်..သားလေးဗိုက်ဆာရင် ထမင်းစား လေ အမေချဉ်ပေါင်ကြော်ထားတယ်..”

“ဟာရှယ်ပဲ အမေ ပုဇွန်နဲ့ရောကြော်ထားတာ လား ၀က်သားနဲ့ ရောထားတာလား"

အမေက ပြန်မဖြေပါ ကျနော့်ကို မျက်လုံးပြူးပြီး အံကြိတ်ပြပါတယ်…”

“ဟုတ်ပါတယ်ဗျာ ထမင်းစားဖို့ အသက်ရှင်တာ မဟုတ်ပါဘူး အသက်ရှင်ဖို့ထမင်းစားတာပါ ချဉ်ပေါင်ရွက် ရိုးရိုးနဲ့စားလဲ မသေနိုင်ပါဘူးလေ…”

“ဟွန်း လေသံကတော့ သူ့ အဖေ လေသံ အတိုင်း ပဲ..”

“ဟဲဟဲ အမေ သားမကူတော့ဘူးနော် ထမင်းစားပြီး၇င် သား စာသွားကျက်တော့မယ်…အမေလဲ အဖေ့ကိုသတိ ရမနေနဲ့ဦး..နော်”

“ကြည့်စမ်း ဒီကောင်လေး အမေကို ..”

“ဟားဟ …”

ကျနော်အမေ့ ပါးကိုတစ်ချက်နမ်းရင်း အိမ်ပေါ် ကိုပြေးတက်လိုက်ပါတော့တယ်..။ကျနော်တို့ ကအမေတစ်ခုသားတစ်ခုပါ..
ကနော့်အဖေ ကတော့ လွန်ခဲ့တဲ့ ၃ နှစ်ကဌက်ဖျားရောဂါ နဲ့ ဆေးရုံမှာ အသက် ဆုံးပါးခဲ့ ရပါတယ် ။ ကျနော်ကအလယ်တန်း ကျောင်းသားပဲ ရှိပါသေးတယ်.. သူများကျောင်းသားတွေလို လဲကျုရှင်မယူနိုင်ပါဘူး .. အမေ့ရဲ့အကြော်ဆိုင်ဝင်ငွေ အိမ်လခ ဖိုး စားသောက် စရိတ်နဲ့ ကျနော့် ရဲ့ပညာသင်စရိတ်ကို မနည်း ကျားကန်ထားရတာပါ..ဒါတောင် အမေက ကျနော့်ကိုမြို့နယ်ရှိ အကောင်းဆုံး ကျောင်းမှာ မရမက ကျောင်းထားလို့ပါတ်ဝန်းကျင်ကတောင် မေးငေါ့ကြရပါတယ်..

ထမင်းကြမ်းနဲ့ ချဉ်ပေါင်ကြော် ကိုအစာပြေစားပြီးတာနဲ့ ခေါင်းရင်းအိမ် ကအမကြီးဆီကို ပြေးရပါမယ်…သူက ကျနော့်ကို စေတနာနဲ့ စာပြပေးပါတယ်..သူကိုယ်တိုင်ကလဲ ပထမနှစ် တက္ကသိုလ်ကျောင်းသူပါ.ကျနော်နားမလည်တဲ့စာများကို မေးလို့ရပါတယ်.. သူ့မောင်လေးကလဲ ကျနော်တို့နဲ့ အတန်းတူပါတယ်.နောက်တစ်ခု က သူတို့ အိမ်က မီးရပါတယ် မီးမလာတဲ့ နေ့ဆိုရင်လဲ သူတို့
ကဘက်ထရီအိုးနဲ့ ကြည့်ကြတာပါ ကျတော်တို့ သားအမိမှာက ရေနံဆီ မီးခွက်လေးတစ်ခွက်ပဲ ရှိပါတယ် အဆင်မပြေ လှပါ.. အမေယပ်ခပ်တာကို ခံပြီးစာကျက်ချင်တဲ့ဆန္ဒကတော့ ဆန္ဒ အဖြစ်ပဲ ရှိနေခဲ့ပါတယ်…ကျနော် စာကျက်ပြီးလို့အိမ်ပြန် ပြီး အမေနဲ့ ညနေစာစား မနက်ဖြန်အတွက် အမေ ပြင်ဆင်တာကို ကူ..အလုပ်တွေအားလုံး ပြီးရင်တော့ အမေက ကျနော့်ကိုရင်ခွင်ထဲ ထားပြီးတော့
စကားတွေ ပြောကြပါတယ် အမေက တစ်ခါတစ်လေ ပုံပြောပြပါတယ်သီချင်းဆိုပြပါတယ်…ကျနော့် ဘ၀မှာ အဲ့ဒီ အချိန် ကိုအရမ်း သဘောကျတာပါ..။

တနေကုန်ဘယ်လောက် ပဲ စိတ်ပင်ပန်းတဲ့ဟာတွေ ကြုံ ရပါစေ ကျနော်ရဲ့ အမေ့ရင်ခွင်ဗိမာန် ကို မှာ အားလုံးဖွင့်ချ ပြီးတော့ ညတွေတိုင်း ကို ကျနော်အေးချမ်းစွာ အိပ်စက်ခဲ့ရတာပါ..။

“အမေ…”

“ရှင့်…”
“အမေ သင်္ချာတတ်လား ဟင်…”

“အမေက ၄ တန်းထိပဲ ကျောင်းနေဖူးတာ သားရဲ့..သားလောက်တော့ ဘယ်တတ်မလဲ..”

“အမေ (၇) ရယ် (၇) ရယ် (၆) ရယ်ပေါင်းရင် ဘယ်လောက်ရလဲ …”

“အမယ် အမေက ဈေးသည်ပါနော် အဲ့လောက်တော့ သိပါတယ်..၂၀ ပေါ့သားရဲ့…”

“ဟာ အမေက တော်လိုက်တာ သားတို့ အတန်းပိုင်ဆရာမ က အမေ့လောက်တောင် သင်္ချာ မတတ်ဘူး…”

“ဟိတ် ကို့ ဆရာသမား ကိုအဲ့လိုမပြောရဘူးလေ…”

“အမေသိလား သားဒီတစ်ပါတ် စာမေးပွဲမှာ အမှတ်အများဆုံးရတာ သိလား ဒါပေမယ့်သား အဆင့်က ၄ ပဲ ရတာ ဆရာမ က အမှတ်မှားပေါင်းတာလေ…”

“အော် သားလေးရယ် ဘာဖြစ်လဲ အဆင့် ၄ ရတော့ရော..သားက စာမေးပွဲမှာ အဆင့်ကောင်း ဖို့ စာသင်တာလား ..စာတတ်ချင်လို့ စာသင်တာလား….”

အမေ့စကားကိုကျနော် ဥာဏ်မှီသလောက် တွေးလိုက်ပါတယ်..

“ဟုတ်တယ်နော် အမေ ကျောင်းတတ်တယ်ဆိုတာ တကယ်တန်းတော့ စာတတ်ဖို့ပဲ နော်…”

“ဟုတ်တယ် သားလေးရဲ့ စာကိုပဲ တတ်အော်သင်နော်..ငါ့သားလေးကို အမေက အဲ့ဒီကျောင်းမှာထားတာ စာတတ်စေချင်လို့ အဆင့်ကောင်းစေချင်လို့ မဟုတ်ဘူး..”

“ဟုတ် ..”

ထိုကဲ့သို့ အမေ သည် ကျနော့် အား ကျောင်းမှ သင်ပေးသော ကျောင်းစာများထက်ပိုရွေ့ ခက်ခဲပြီး နားလည်ရန်လဲ ခက်ခဲသော ဘ၀ သင်ခန်းစား များအား ညစဉ်ညတိုင်း ပို့ချ ခဲ့ပါတယ်..။
…………………………………………………………………………………………………..
ဝါတွင်းကာလဥပုဒ် နေ့မို့ အိမ်တိုင်းမှ အဖိုးအဖွားများနှင့်အိမ်ရှင်မများဥပုဒ် သီလယူရန် ရက်ကွက်ဓမာရုံ သို့ သွားနေကြ ပါတယ်..ကျနော့်အမေကတော့ ချွှေးတစ်လုံးလုံးနဲ့ အကြော်တဲ့လေး ထဲမှာ အလုပ်များနေပါတယ်…

“အမေ ဥပုဒ် သွား မစောင့်ဘူးလား…”

“သားလေးရယ် အမေ တို့ တနေ့လုပ်မှ တနေ့စားရတာ ..”

“ဟာ အမေကလဲ သားလဲ အကြော်ကြော်တတ်နေတာ ပဲကို ပြီးတော့ ဥပုဒ်နေ့ဆိုကျောင်းပိတ်နေကြ ပဲလေ..သား အမေ့ကို ကုသိုလ် ပြုပြီးတော့အကြော်ကြော်ပေးမယ် လေ နော်အမေ…”

အမေက ကျနော့်ကို တွေတွေလေး ကြည့်လို့ ပြုံးနေပါတယ်..

“သား ရယ် အမေ့လဲ ဥပုဒ်ယူပြီး တနေကုန် စေတီလေးမှာ တရားမှတ်ချင်တာ ပေါ့..ဒါပေမယ့် အမေ့မှာ မှာ ယောဂီ ထည်လေးတောင် မှမရှိတာ အကြော်ဆီတွေ ပေနေတဲ့အင်းကျီနဲ့ ဆို အမေ့ကို နှာခေါင်းရှုံ့ ကြမှာပေါ့ ကလေးရဲ့…အမေ့ဘာသာအိမ်မှာ ဘုရားရှိခိုး တရားထိုင်လဲ အဆင်ပြေပါတယ် ငါ့သားလေးကကုသိုလ်လိုချင်တယ် ဆိုရင် စာကိုကြိုးစား သင့်ပေါ့ နော်…အမေကလေ ဘယ်လောက်
ပဲ ပင်ပန်းပင်ပန်း ငါ့သားလေးကို သားသူငယ်ချင်းတွေ က စာလာမေးတဲ့ အချိန်ဆိုသြော် ငါ့သားလေးက သူတို့ထက် စာကို ကောင်းကောင်း သင်ယူတာပဲ ဆိုပြီးပိတိနဲ့ အမောတွေ ပြေသွားရော..”

“သားက အိုအေစစ် လေးပေါ့နော် ဟုတ်လား အမေ..”

“ဘာလဲ အိုအေစစ်..”

ဟိုဟာလေ ရေသန့်ဗူး ကိုပြောတာ..

“ဒါပေါ့ ငါ့သားလေးက အမေ ကို အမောပြေစေတာပေါ့..”

ဟေးးးး…ဟားဟား

ကျနော် နှင့် အမေ့ရဲ့ ရယ်သံများ အကြော် တဲလေးထဲမှာ ဆူညံနေခဲ့ပါတယ်..
………………………………………………………………………………………………

“အဒေါ် အဲ့ဒီ ယောဂီထမီလေးက ဘယ်လောက်လဲ ဟင်…”

“အဲ့တာက အစုံလိုက်အပ်မှ ချုပ်ပေးတာ ကောင်လေးရဲ့ အင်းကျီရော တဘက်ရောလေ ၃၅၀၀ ..”

“၃၅၀၀ တောင်လား .. ဟုတ် နောက်မှ ၀ယ်တော့မယ် နော်…”

“အေးပါအေးပါ…”

အထည်ဆိုင်မှ အမကြီးက ကျနော့်ကိုမယုံသလိုနှင့် ပြုံး စစပြောပါတယ်…ကျနော့်စိတ်ထဲမှာတော့ အမေ့ကို ယောဂီထည်လေး မရမက ၀ယ်ပေးချင်နေခဲ့ပါတယ်…စာသင်ခန်းထဲ ရောက်တာတောင် စိတ်ကူးထဲက ယောဂီဝတ်စုံ လေးနဲ့ အမေ့ကိုမျက်စီထဲက မထွက်ပါ..

“ဒီနေ့ ဆရာမကြီးက ဆုတွေ လိုက်ပေးမယ်တဲ့ ဟိုမှာ ကျော့်ကေသွယ်တို့ အိမ်ကဓါတ်ပုံဆရာတောင် ခေါ်လာတယ် တွေ့လား…”

ဘေးနားမှ ကျနော့် သူငယ်ချင်းတယောက်ရဲ့ အသံကြောင့် လက်ရှိအခြေနေကိုပိုစိတ် ၀င်စား မိပါတယ်..

“ဘာလို့ဖို့လဲဟ ဓါတ်ပုံဆရာ…”

“အာ မင်းကလဲ အဲ့တာ သူ့သမီးဘယ်လောက်တော်လဲ ဆိုတာ ကို ဓါတ်ပုံရိုက် အိမ်မှာအကြီးချဲ့ ပြီးချိတ်ထား မှာပေါ့ ဧည့်သည်လာတော့ ကြွားလို့ရတာပေါ့..ကွ…”

“အော် အဲ့လိုလား…”

ကျောင်းအုပ်ဆရာမကြီးက ကျော့ကေသွယ် ကို ကျောင်းသုံးဗလာစာအုပ် ဘောပင် ခဲတံနှင့် တခြားကျောင်းသုံး ပစည်းများကို ဆုချ ပါတယ်…။ အခန်းထဲ မှာကျော့ကေသွယ် တို့က ပိုက်ဆံရှိအသိုင်းအ၀ိုင်းမို့ ကျောင်းသုံးပစည်းတွေဆိုလျှင် အသစ်အဆန်း နောက်ဆုံးပေါ်တွေ သုံးတတ်လွန်းလို့ ကျနော်တို့ ငေးကြရစမြဲပါ..။

အကောင်းဆုံးနဲ့ အချော့မွေ့ဆုံး စာအုပ်တွေကိုသာ သုံးတတ်တဲ့ ကျော့်ကေသွယ်တယောက်.. ကျောင်းအုပ်ဆရာ မကြီး ဆုချတဲ့ ကျောင်းသုံး ဗလာစာအုပ် များကိုဘာလိုအသုံးချမလဲ ဆိုတာကို အနားလိပ်နေပြီဖြစ်သောကုန်ခါနီးကျနော့်သင်္ချာစာအုပ်
၏ အနားစများကို ပြန်ဖြန့်ရင်း တွေးမိပါတော့ သည်..။
………………………………………………………………………………………………
“အမေ..”

“ပြော သားလေး…”

“လူတွေ ကလေ ပိုက်ဆံ ရှိမှ အထင်ကြီးကြတာလားဟင် … သားတို့ အခန်းထဲကကောင်မလေး တယောက်ဆို သူ့မိဘတွေ ပိုက်ဆံ ရှိတော့ သူ့ကိုဆို လူတိုင်းကအားကျ အထင်ကြီးကြတယ် …”

“သား က လူအထင်ကြီးတာ လိုချင်လို့လား…”

“အဲ့တာ မကောင်းဘူးလား အမေ ရဲ့…”

“သားရဲ့ လူ့ဘ၀မှာ လေ လူတွေအထင်ကြီးတယ်ဆိုတာ က အပေါ်ယံပဲ သားရဲ့ပိုက်ဆံရှိရင် အထင်ကြီးတယ် ဂုဏ်ရှိန်တွေ ရှိနေရင် အထင်ကြီးတယ်…အဲ့တာတွေကတကယ်တော့ ဘာမှ အနှစ်သာရ မရှိဘူးသားလေးရဲ့…လူ့ဘ၀မှာ သူများက ကို့ကို
အထင်ကြီးဖို့ ထက် ကို့ကိုကို အထင်ကြီးဖို့က အရေးကြီးတယ်ကွယ့်…”

“ကို့ကို ကို အထင်ကြီးဖို့ ဟုတ်လား အဲ့တာ ဘယ်လိုမျိုးလဲ…”

“လူတိုင်းက ကို့ရဲ့ လုပ်ဆောင်ချက် မှားလား မှန်လားဆိုတာကို ကိုယ်ကိုတိုင်ပဲ သိတာလေ ကို့ အကြောင်းကို ကိုပဲ အသိကြဆုံးလေ…အဲ့ဒီတော့ ကို့ရဲ့လုပ်ဆောင်ချက်ဟာ အထင်ကြီးဖို့ ကောင်းလား မကောင်းဘူးလား ဆိုတာလဲကိုယ်ကိုယ်တိုင် ထက် ဘယ်သူမှ မသိနိုင်ကြဖူးလေ အဲ့ဒီ တော့ သားလေး ဘာပဲလုပ်လုပ် ကို့ကိုကို အထင်ကြီး နိုင်မဲ့ အလုပ်တွေ ပဲဖြစ်ရမယ် သူများတွေ
အထင်ကြီးတာ အထင်သေးတာတွေ ကြည့်မနေနဲ့ ဟုတ်ပြီလား..”

“ဒါဆို သား သူများတွေ အထင်ကြီးအောင် မနေတော့ ဘူး.. ကို့ကိုကိုအထင်ကြီးအောင် ပဲနေတော့မယ် …”

“ဒါပေါ့ သားလေးရဲ့ …”

“အော် အမေ ဒီနေ့ အမေ အကြော်တွေ အစောကြီးကုန်သွားတာလား…”

“မဟုတ်ဘူး သားလေးရဲ့ အမေ အကြော်တွေ ကို လိုက်ရောင်းလိုက်တာ…”

“ဟာ အမေ ကလဲ ပင်ပန်းမှာပေါ့ ကို့ဘာသာ ဆိုင်မှာ ထိုင်ရောင်းပါ လား အမေရဲ့…”

“အမေလဲ အဲ့လိုပဲ ရောင်းချင်တာပေါ့ သားလေးရယ် နေ့လည်က စည်ပင်က လာပြောတယ်အမေ့ အကြော်တဲက သူတို့ နယ်မြေထဲ ရောက်နေလို့တဲ့…မနက်ဖြန် ကျရင် အကြော်တဲဖျက်ရမှာ …”

“ဟင် ဒါဆို အမေနေ့တိုင်း အကြော်ဗန်း ရွက်နေရမှာပေါ့..အမေရယ်…”

“ရပါတယ် သားရယ် အမေ အရင်ကလဲ အဲ့လို ရောင်းဖူးပါတယ်…”

ကျနော် တကယ် စိတ်မကောင်းဖြစ်မိပါတယ် အမေ အစောကြီးထ အကြော်တွေ ကြော်ပြီးတော့ ဗန်းထဲ ထည့် ပြီး အကြော်တွေ မကုန်မချင်း အသံတွေ နာအောင် အော်ပြီးရောင်းရမှာ…။

“ အဲ့ဒီ စည်ပင် နယ်မြေ တွေ ကလဲ နေရာ တကာပဲနော်..သူတို့ ၀ယ်ထားတာကြနေတာပဲ…သူတို့နယ်မြေတွေလို့သာ ပြောတာပါ လမ်းထိပ်က ဘီယာ ဆိုင် ကြီးကျတော့ စည်ပင်သာယာ နယ်မြေဆိုတဲ့ ဆိုင်းဘုတ် ကြီး ကို ခွဆောက်ထားတာအဲ့ဒီဆိုင်ကိုကျတော့ မဖျက်ခိုင်းဘူး … ဟွန်း တော်တော် တရားတယ်နော် အမေ..”

“သားလေး ကလဲလေ … လောကမှာ က အမှန်တရား ဆိုတာ နေရာတိုင်းမှာရှိနေပါတယ်သားလေးရဲ့ မတရားမှုဆိုတာ ရှိသလို တရားမှု ဆိုတာလဲရှိတာပဲလေ …သားလေးက လောကမှာ ဘယ်ဟာက အမှန်တရား ဆိုတာ သိသွားတဲ့တနေ့ အမှန်တရား ဘက်မှာ
ရပ်တည်ရဲတဲ့ တနေ့ အမေ့သားလေး လူပီသတဲ့ နေ့ပဲ..အမှန်တရားကို မသိချင်ဆောင်ဆောင်နေသရွေ့တော့ ငါ့သားလေး လူနုံ လေး တယောက် ဖြစ်နေမှာပဲ..”

“ဟာ အမေကလဲ သား လူနုံလူအလေး တော့ အဖြစ် မခံနိုင်ပါဘူး အမှန်တရားကိုသိအောင်လုပ်မှာ..”

“ဒါပေါ့ သားလေးရဲ့ သားလေး အမှန်တရားကိုသိအောင်လို့ အမေက ကူညီပေးမှာပေါ့…”

“ဟုတ် ..”

ကျနော် အမေ့ ရင်ခွင် ထဲကို တိုးဝင်ရင်း စိတ်ကျေနပ်စွာမှေးစက်လိုက်ပါတော့တယ် .. …………………………………………………………………………………………………..
“ပညာရေးမှုး လာ မယ်တဲ့…”

“ဟုတ်လား…”

ကျနော် အံ့သြစွာ မေးမိပါတယ်… ကျနော်တို့ အလယ်တန်း ကျောင်းသား ဘ၀ ရောက်တဲ့အထိ ပညာရေးမှုးဆိုတာကို မတွေ့ ဖူး စကား မပြောဖူးပါ..ပညာရေးမှုးတွေ ဟာ ကျောင်းအုပ်ကြီးလိုက်ပြတဲ့ အခန်းတွေကိုပဲ လိုက်ကြည့်ပြီးပြန်သွားကြတာလား မသိပါ..

“ကျော့်ကေသွယ် က ပညာရေးမှုးကို အင်္ဂလိပ်နှုတ်ဆက် ရမှာ လေ ငါ့တို့ အခန်းကိုလာစစ်ခဲ့ရင်ပေါ့..လာမယ်လဲ မထင်ပါဘူး …”

ကျနော့် သူငယ်ချင်းက ဝေဖန်လိုက်ပါတယ်..။

“ဟရောင် ဇင်ယော် မင်း အင်းကျီက ကျောင်းစိမ်း ရော ဟုတ်ရဲ့လား

ကျောင်းဘက်တောင် မပါဘူး ..ဒီနေ့ ပညာရေးမှု လာပါမယ်ဆိုမှ …”

“ အေးကွာ ငါ့အင်းကျီ ကလျော်ထားလို့ မနှစ်က အင်းကျီ ကိုပြန်ဝတ်လာတာကျောင်း တံဆိပ် က ဘယ်ကတည်း က ပြုတ်နေမှန်းတောင် မသိတော့ဘူး…နေပါဦးဟငါမသိလို့ကျော့ကေသွယ် က အင်္ဂလိပ် ကောင်းကောင်းပြောတတ်လို့လားဟ…”

“မနေ့က ဆရာမ နှုတ်တိုက် သင်ပေးထားတယ်လေ … ဟိုမှာတွေ့လား ဗီဒီယို ကင်မရာသူစကားပြောနေတာကို ရိုက်ဖို့တဲ့ …”

ကျနော် ပြုံး လိုက်မိပါတယ် အမေပြောတဲ့ လူတွေ အထင်ကြီးအောင်ထက် ကို့ကိုကိုအထင်ကြီးအောင် နေဆိုတဲ့ စကား ကိုလဲ ပြန်အမှတ်ရမိပြန်ပါတယ်…။ပညာရေးမှုးက တကယ်ပဲ အခန်းကို ရောက်လာပါတယ်…ပညာရေးမှုး ကိုကြောက်လို့ကျောင်းသားတွေလဲ အသံတိတ်နေတာမှ အပ်ကျသံ တောင် ကြားရလောက်ပါတယ်…ကျော့ကေသွယ် ကတော့ အင်္ဂလိပ် နှုတ်တိုက် သင်ထားသော နှုတ်ဆက်ပုံနှုတ်ဆက်နည်းတွေ နဲ့ ရွှန်းရွှန်းဝေအောင် ပြောနေပါတော့သည်..

ပညာရေးမှုးဆိုတဲ့ ဆရာကြီးကလဲ ပြုံးလျက်နားထောင်နေပါတယ်…

“သမီးက ဒီအခန်းထဲမှာ စံပြ ကျောင်းသူထင်တယ်..”

“ဟုတ်ပါတယ် ရှင့် …”

အတန်းပိုင်ဆရာမက ၀င်ပြောတာပါ…ပညာရေးမှုး ကခေါင်းညှိတ်လျက်..

“အင်း ဒါဆို အဘကို သမီးတို့ အတန်းမှာ သင်ခဲ့ရတဲ့ The Last Leave ဆိုတဲ့အင်္ဂလိပ် ဇာတ်လမ်းလေး အကြောင်းကို သမီးခုနက အဘကို နှုတ်ဆက် သွားသလို ပဲအင်္ဂလိပ်လို သမီးမှတ်မိသလောက် ရှင်းပြ ပါလား…”

သွားပြီ ကျော့ကေသွယ် တယောက် မှိုင်သွားပါသည်..တော်တော်လဲ ကြောက်နေပုံရပါတယ် အတန်းပိုင် ဆရာမကို အားကိုးသလိုကြည့် နေပါသည်..။ဆရာမလဲ မျက်နှာအလွန့်အလွန် ကိုငယ်နေပါသည်..။ပညာရေးမှု က အခြေနေ ကိုချက်ချင်းသဘောပေါက်သွားပုံပါ..

“ကဲ ဒါဆို သားတို့ သမီးတို့ ထဲ က ဘယ်သူ အဘ ကိုပြောနိုင်မလဲ …”

ရုတ်တရက် ကျနော် လက်ထောင်မလို့ ဟန်ပြင်လိုက်ပြီးတော့မှ ကျနော့်ရဲ့ကျောင်းဝတ်စုံကို သတိပြုမိပြီး ဒီတိုင်းလေးပဲ နေလိုက်ပါတော့တယ်…

“ဘယ်သူမှ မရှိကြဘူးလား .. ကဲကဲ ကလေး တွေ အဘ ကိုမကြောက်နဲ့ နော်ပြောတတ်ရင် ထွက်ပြောကြ…ကလေးတွေ ထဲ က အဲ့ဒီ အကြောင်းကို အင်္ဂလိပ်လိုပြောနိုင်တဲ့ သူကို အဘ က ဆုချမယ်ဗျာ…”

“ကဲကဲ ဘယ်သူပြောမလဲ ဆုတော်ငွေ ၃၀၀၀ ပေးမယ်ကွာ ၃၀၀၀ ..ချက်ချင်းဆုချမှာ …”

ဟင် ၃၀၀၀ ဆိုပါလား.. ကျနော် အားတတ်သွားပါသည်.. ဟာ အမေ့ အတွက်ကျနော်ဝယ်ပေးချင်တဲ့ယောဂီ ၀တ်စုံလေးက ၃၅၀၀ ဆိုတော့ သိပ်တောင်မလိုတော့ပါလား…ကျနော် ဘာမှ မစဉ်းစား တော့ပဲ …လက်ထောင် လိုက်ပါတယ်..

“ဟော ဟုတ်ပြီ တယောက်တော့ လက်ထောင်ပြီ လာလာ အရှေ့ကိုလာပါ…”

“မင်္ဂလာပါ…”

ကျနော် မြန်မာလိုပဲ နှုတ်ဆက်လိုက်ပါတယ်..

“အေးအေး မင်္ဂလာပါ…”

ပညာရေးမှုး က ပြုံးရွင်စွာ ပြောပါသည်..။

“ကဲ သား အဘကို ပြောပြပါ..”

“အဘ ကျနော် ပြောနိုင်ရင် ကျနော့် ကို ၃၅၀၀ ပေးပါ..”

“ဟေ…”

“ဟင်….”

ပညာရေးမှုး ရော ကျောင်း အုပ်ကြီး နဲ့ ဆရာမ များပါ အသံမျိုးစုံ ထွက် လာကြပါတယ်.ပညာရေးမှုးက အေးချမ်းစွာ ပြန်ပြောပါတယ်..

“ကောင်းပါပြီ ကွာ သားပြောနိုင်ရင် သားကို အဘက ၅၀၀၀ ပေးမယ်..”

“ဟင့် အင်း အဘ ကျနော် ၃၅၀၀ ပဲ လိုချင်ပါတယ်…”

ပညာရေး မှုးလဲ ဆုကြေးငွေ ကိုဈေးဆစ်နေသော ကျနော့်ကို အထူးအဆန်း တယောက်လိုကြည့်နေပါတယ်..

“အေးပါကွာ..သား သဘောပါ..”

“ကျေးဇူးတင်ပါတယ်ခင်ဗျ…”

ပညာရေးမှုးအား ရိုသေစွာဦးညွတ်လိုက်ပြီး ကျနော် စပြော လိုက်ပါတယ်

“Su and John were artists. They live with Mr.Barman in NewYork city…”

ကျနော် ပြောသမျှ ကို အဘ နားထောင်ရုံ သက်သက်မဟုတ်ပဲတစ်ပိုဒ်ပြောပြီးတိုင်း အင်္ဂလိပ်လို မေးခွန်း ပြန်ထုတ်ပါတယ်..ကျနော်
ကပြန်ဖြေရပါတယ်..အဘ မေးတော့ မရှင်းလျှင် ကျနော် ကပြန်မေးပါရန် မေတ္တာရပ်ခံ ပါတယ်..ကျနော်နဲ့ အဘ ရဲ့ စကား ပြောနေတာကို အားလုံးငြိမ် ပြီးနားထောင်နေပါတယ်..အဘ က မေးခွန်း လှည့်မေးရင်လဲ ကျနော်က မရမက အဖြေရအောင်
ဖြေပါတယ်..နောက်ဆုံးတော့ ကျနော် အောင်မြင်သွားတယ်..။ ကျနော်လဲ တော်တော်မောသွားပါတယ်။

အဘ ကကျနော့်ကို ချီးကျုးစကား မပြောပါ..အိပ်ကပ်ထဲမှ ၅၀၀ တန် အထပ်လိုက်ကိုထုတ်ပြီးတော့ ၃၅၀၀ ရီပြီးတော့ ကျနော့်ကို ထုတ်ပေးပါတယ် ကျနော်လဲလက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ယူလိုက်ပါတယ်…ပြီးတော့ ကို့နေရာကို ပြန်ရန်လှည့်အထွက်..

“သား နေပါဦး..အဘ မသိလို့ သားက အဲ့ဒီပိုက်ဆံ ၃၅၀၀ ကို ဘာလုပ်ဖို့လဲ သားရဲ့..”

“ကျနော့် အမေ အတွက် ယောဂီ ထည် ၀ယ်ပေးချင်လို့ပါ…၃၅၀၀ ကုန်မှာ မို့လို ပါ…”

ကျနော် ပြောတာကို ပညာရေးမှုး က အဓိပါယ် ပေါင်းများစွာ ပါသော မျက်လုံးဖြင့်ကြည့်နေပါတယ်…ကျနော်တော့ အဓိပါယ် မဖော်တတ် ပါ… ညကျမှ အမေ့ကို အဲ့ဒီအဖြစ်ပျက်လေးကို ပြောပြဆွေးနွေးရပါမယ်…။
……………………………………………………………………………………………………
“ အဒေါ် ကြီး.. ကျနော်ယောဂီထည်ဝယ် မလို့…”

“ အန် လူက ဘယ်မှာလဲ လူခေါ်လာမှ တိုင်းလို့ ရမှာပေါ့ ကောင်လေးရဲ့…”

“ ပုံစံက ဟိုအဒေါ် ကြီးလောက်ပဲ..ချုပ်ပေးထားပါ ပိုက်ဆံ ပေးထားခဲ့မယ်…”

ဘေးနားမှာ စက်ချုပ်နေသော အမေ့အရွယ် ကိုယ်လုံးကိုပေါက်နဲ့ အဒေါ်ကြီးတယောက်ကို လက်ညှိုးထိုးပြရင် ပြောလိုက်ပါတယ်…
အဲ့လို မလုပ်ရွှေ့ မဖြစ် …အမေ့ ကိုအသိပေးပါက အမေက လက်ခံမည်မဟုတ်.ကျနော့်ကျောင်းစရိတ် ထဲ ပါသွားလိမ့် မယ်..။ အမေ့ကို လုပ်ပေးချင်တာ လုပ်ပေးခွင့်ရခဲ့ လို့ ကျနော်ပျော်နေ ပါ သည်…။

“ ဟင်…”

ကျနော့် အိမ်ရှေ့ မှာ လူတွေ များလှချီလား…ဘာ ဖြစ်လို့ပါလိမ့်…ကျနော် ဇဝေဇ၀ါ ဖြင့် ခြံထဲ သို့ ၀င်လိုက်ပါသည်…ဟင် ကျော့ကေသွယ်တို့ သားအမိပါလား..ဘာလာလုပ်တာပါလိမ့်…ကျနော်သူတို့သားအမိကို နှုတ်ဆက် လိုက်ပါတယ်..

“ အဒေါ် နေကောင်းတယ်နော်.. ကျနော်တို့ အိမ် ကို ဘာ အကြောင်းရှိလို့ လာတာလဲ မသိဘူး…”

ကျနော် မေးနေတာကို သူ မဖြေပါ..အဲ့ဒီအချိန်မှာ ပဲ ဘေးနားသို့ ကျနော့်ကိုအမြဲ စာပြပေး တဲ့ အမကြီးရောက်လာပါတယ်..ကျနော့် ပုခုံးကို ကိုင်ပြီးတော့လေသံတိုးတိုးလေးဖြင့် ပြောပြပါတယ်..

“ မောင်လေး မမ ပြောပြမယ်နားထောင်နော်..စိတ် အေးအေး ထား..ဒီနေ့ မောင်လေးအမေ က ဈေးရောင်းသွားတယ် အဲ့တာ ကားလမ်းဖြတ်ကူးတော့ ဒီက အဒေါ်ကြီးမောင်းလားတဲ့ကားနဲ့ တိုက်မိတာ ကားကလဲ ဘရိတ်ပေါက်နေတော့ အရှိန်မထိန်း…”

ကျနော် ထို အမကြီး ပြောနေတဲ့ အသံကို မကြားနိုင်တော့ ပါသူ့ကိုတွန်းဖယ်လျှက် အိမ်ပေါ် ကိုအတတ် နိုင်ဆုံးစိတ်ကိုထိမ်းရွေ့
တက်လိုက်ပါတယ်…ကျနော့် နဲ့ အမေ ညဖက်တိုင်း လဲလျောင်းပြီး စကား ပြောနေကျ ကျနော့်ကို အမေဘ၀ အကြောင်းတွေ သင်ပေးနေကြ နေရာမှာ အမေ တယောက်တည်း မလှုပ်မလျက်လဲလျောင်းနေပါတယ်…

“ အမေ…”

ကျနော် ခေါ်နေကြ ပုံစံ အတိုင်းပဲ ရိုးရိုးလေး ခေါ်လိုက်ပါတယ်..အမေ ပြန်မထူးပါ အမေ့ မျက်နှာ ကိုသာ ကျနော် တွေတွေ လေး ငေးနေမိပါတယ်…အမေ ရယ်…. သား ကို အမှန်တရား တွေ့ဖို့ အတွက် ကူညီမယ်ဆို…အမေ ရယ်…. သား ကို ရင်ခွင်ထဲ မှာ မှေးသိပ်ပြီးတော့ လူလောက ရဲ့ သဘောတရားအသစ်တွေ ကို သင်ပေးပါဦး အမေရယ်..

သား တွေ့ကြုံ နေရတဲ့ ဘ၀ အခက်ခဲတွေ နဲ့ သားနားမလည်တဲ့ လူ့လောက ပုစ္ဆာတွေကို ကူညီ ဖြေရှင်းပေးပါဦး အမေ ရယ်…
ကျနော် ၀ယ်ပေးတဲ့ ယောဂီ လေး ၀တ်ပြီး ၀တ်ပြုသွားတာ ကို သား မြင်ချင် သေးတယ် အမေရဲ့..

(((((အမေ့…)))))

ကျနော် စိတ်တွင်းမှ ချုံး ပွဲချ ငိုလိုက်မိပါတယ် မျက်ရည်တော့ကျမလာပါ..တမလွန် ဘ၀ကနေ အမေ တွေ့ရင် စိတ်မကောင်း ဖြစ်ပြီး ကျနော့်ကိုစိတ်မချ ဖြစ်နေမှာ စိုးလို့ပါ..

“ကိုဇင် သားအမေက ဆုံးသွားခဲ့ပြီ…”

ဘေးနား ကရက်ကွပ် ၁၀ အိမ်မှုး က ကျနော့်ကို သတိပေးသလို ပြောပါတယ်..ကျနော့် အမေ မဆုံးပါ ကျနော့် ရင်ထဲမှာ ကျနော့် အမေက အသင်ရှင်မှာပါ ကျနော်အသက်ဆုံး သွားတဲ့အချိန်ကျမှ အမေက တကယ်ဆုံးပါးသွားမှာပါ..ကျနော် အမေ့ မျက် နှာ ကို သေချာ စိုက်ကြည့်နေရင်းနဲ့ ထိန်းထားတဲ့ ကြားမှမျက်ရည်တစ်စက် ကျလာပါတယ်…မျက်စိထဲ မှာလဲ မိခင်ကြီး မရှိတော့ လို့ဦးတည်ရာ မဲ့ ကူးခတ်သွားလာနေသော မိဘမဲ့ ငါးခူ အကောင် ပေါက်လေးများ ကိုပြန်လည် မြင်ယောင် လာမိပါတော့တယ်……………



zhtun


-
Ms.THIRI SOE
Admin and Finance Officer
Tripartite Core Group (TCG )
Periodic Review
Ph:+95-1-225258- Ext 818,
#79, Taw Win Road, Dagon Township
Yangon,Myanmar.

ရှမ်းကလေး (ပို့ ပေးတဲ့ သူငယ်ချင်းကို အထူးကျေးဇူးတင်ပါတယ်။ ဒီပုံပြင်လေး ဖတ်ပြီးတော့ ကျနော်တောင် အားကျတယ်ဗျာ။ အဲ... နောက်ဆုံးခန်းတော့ မဟုတ်ဘူးလေ။ ကျနော်က အမေနဲ့  ငယ်ငယ်ကတည်းက ကွဲသွားတာ။ ပြန်တွေ့ တာ သုံးနှစ်လောက်ပဲ ရှိပါသေးတယ်။ ခုမှတွေ့ တော့ သိပ်မခင်ပဲ အသိလို ပဲဖြစ်နေတယ်လေ။ ဒီပုံပြင်ကို သဘောကျတာကတော့ ကျနော်လဲ အဲလိုမျိုး မိဘ မေတ္တာကို ခံစားချင်တယ်ဗျာ။ ကျနော့်အဖေကလဲ ငယ်ငယ်ကတည်းက ပျောက်သွားတာ အခုဘယ်ရောက်နေမှန်းကို မသိပါဘူး။ ဒီဘ၀ မှာ ဒီပုံပြင်လို မျိုးနွေးထွေးတဲ့ မိဘမေတ္တာကို အရမ်းပဲ ခံစားချင်ပါတယ်။ ဒါပေမယ့်လဲ မဖြစ်နိုင်တော့ဘူးလေ။ ဟင်း............. ကိုယ့်သား၊ သမီးရှိတဲ့ချိန်မှပဲ သူတို့ ကို ဒီလို နွေးထွေးတဲ့ မေတ္တာကို ပေးရင်းနဲ့  ကိုယ့်ကိုကိုယ် ဖြေသိမ့်ရမှာလို့ ပဲ အမြဲ တွေးနေမိ ပါတယ်။ )

Friday, January 15, 2010

အရှူံး၊ အောင်မြင်မှု၊ ချစ်ခြင်းနဲ့  သေခြင်း

၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား တွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း

ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ရဲ့ ဘွဲ့ရ မောင်မယ်များ ကို တွေ့ဆုံစကားပြော ခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်း အနား ဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်း သဘင် အခမ်းအနား မှာ ကျွန်တော့ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်း အရှည်ကြီး မဟုတ် ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲပါ၊

ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။

ကျွန်တော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ ပါတယ်။ ကျွန်တော် ဘာကြောင့် ကျောင်းထွက် ခဲ့ရတယ်ထင်ပါသလဲ။

ဒီ ဇာတ်လမ်းက ကျွန်တော် မမွေးခင် အချိန်က စပြီး ပြောပြရမှာပါ။ ကျွန်တော့ကို ကိုယ်ဝန် ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။ အဲဒါကြောင့် လဲ ကျွန်တော့ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တစ်ယောက်နဲ့ သူ့ဇနီးတို့က ကျွန်တော့ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင်စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော် ကို "အူဝဲ" ဆိုပြီး မွေးလိုက် တဲ့ အချိန်မှာ သူတို့က မိန်းကလေး မှလိုချင်ပါတယ်လို့ စိတ် ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင် မှာ မွေးစား မိဘ လောင်း တန်းစီစာရင်းထဲက ကျွန်တော့မိဘ များကို ဖုံး ဆက်ခဲ့ပါတယ်။ "ဒီမှာ မမျှော်လင့်ဘဲ ယောကျာင်္းလေး တစ်ယောက် ရထားတယ်။ ယူမလား" တဲ့။ မိဘများ ကလဲ "သိပ်ယူတာပေါ့" တဲ့။

အဲဒီလို ပေးလိုက်ပြီးမှ ကျွန်တော့ ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျွန်တော့ရဲ့ အဖေ ဟာလဲ အထက် တန်းကျောင်းတောင်မှ မအောင်တာ ကို ကျွန်တော့ မွေးမိခင် က သိသွား တာပါ။ မွေးမိခင် ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း က်မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျွန်တော့ရဲ့ မိဘတွေက ကျွန်တော့ကို "တက္ကသိုလ် ထားပေးပါ့မယ်" လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။

နောက် ၁၇နှစ် အကြာမှာတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အဆင်အခြင်ကင်းမဲ့စွာ နဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျွန်တော့ရဲ့ တတ္ကသိုလ်ပညာရေး အတွက် ခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေအားလုံးကို ကျွန်တော်သုံးမိရက်သား ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရ တာနဲ့တန်တယ်လို့ ကျွန်တော်မထင်တော့ပါဘူး။ အဲဒီအချိန်က ကျွန်တော့မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျွန်တော့ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ် ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့မရခဲ့ပါ။ ဒီတော့ ကျွန်တော်ဟာ မိဘတွေရဲ့ တစ်သက်စာစုငွေ ကို တက္ကသိုလ်မှာလာ ပြီး ဖြုံးနေတာပါဘဲ။

ဒါနဲ့ကျွန်တော်လဲ တက္ကသိုလ်ကထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင် ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီးလုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက် နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့ရဲ့ အ ကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုပါ။ ကျောင်းကထွက်လိုက်တာနဲ့ချက်ချင်းဘဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာမလိုတော့တာကြောင့် တက်ချင် စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသားလုပ်ခဲ့ပါတယ်။

ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျွန်တော့မှာ နေစရာ အခန်း မရှိ တော့ပါဘူး။ ဒီတော့ကျွန်တော့သူငယ်ချင်းတွေရဲ့ အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကိုလိုက်စုပြီး ပြန်အပ်လို့ရတဲ့ တစ်ပုလင်း ၅ဆင့် ဆိုတဲ့ ပိုက်ဆံ နဲ့ ဗိုက်ဖြည့် ရပါတယ်။ တနင်္ဂနွေနေ့ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူ ဘုရားကျောင်းမှာ ထမင်းတနပ် အဝသွားစားရပါတယ်။ စားလို့အင်မတန်ကောင်းပါတယ်။ စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေး တစ်ခုပေးပါရစေ။

အဲဒီအချိန်က Reed College မှာ ရှိတဲ့ စာလုံးအလှရေးနည်းသင်တန်းဟာ တစ်နိုင်ငံလုံး မှာ အကောင်းဆုံးသင်တန်းပါ။ တက္ကသိုလ်နယ်မြေ တစ်ခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံးတွေနဲ့ ချယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီ ဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့ တဲ့ ကျွန်တော်ဟာ စာလုံးအလှရေးနည်းသင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံး ပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေ အကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတစ်လုံး နဲ့တစ်လုံးကြားမှာ ဘယ်လို အနီးအဝေးခြားတယ်ဆိုတာ လေ့လာခဲ့ပါတယ်။ စာလုံးရေးနည်းပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။ ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိဎ္ပံနည်းနဲ့ စူးစမ်းလို့မရတဲ့ ပညာပါ။ ဒီပညာ ရပ် က ကျွန်တော့ကို ညှို့ယူဖမ်းစား ခဲ့ပါတယ်။

ဒါတွေကို ကျွန်တော့ဘဝမှာ ဘယ်လိုလက်တွေ့အသုံးဝင်မလဲ ဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာ ကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ပါတယ်။ ဒီပညာရပ် ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှ တွေသုံးတဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျွန်တော်မတက်ခဲ့ရင် Macintosh ကွန်ပျုတာ မှာ အင်မတန်သေသပ်ပြီး အစိပ်အကျဲအချိုးကျ လှပတဲ့စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Mac က စာလုံးတွေကိုဘဲ ကူးချထားတာဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူး လို့တောင် ပြောကောင်းပြောနိုင်ပါလိမ့်မယ်။

ကျွန်တော်ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာမဟုတ်ပါ။ ဒီသင်တန်း ကို ကျွန်တော်မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှရှိမှာပါ။ မှန်ပါတယ်။ ကျွန်တော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုးအကြောင်းတွေကို ဆက်စပ်ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ နောင် ၁၀နှစ်ကြာ အပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါတယ်။

ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေဘယ်လို ဆက်စပ်ပုံပေါ်လာမယ် ဆို တာကို ကျွန်တော်တို့မမြင်နိုင်ပါ။ နောက်ပြန်ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရမောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည်ထားရပါလိမ့်မယ်။ ဘွဲ့ရမောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံတယ်ဆိုတာ ယုံပါ။ ကံ၏အကျိုးဆိုတာ ယုံပါ။ တစ်ခုခုကိုတော့ယုံပါ။ ဒီယုံကြည်ချက်ကြောင့် ကျွန်တော်ဂျောက်ကျခဲ့ရတယ် ဆိုတာ ဘယ်တော့မှမရှိခဲ့ပါ။ ကျွန်တော့ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီ ယုံကြည် ချက် ကြောင့်ပါဘဲ။

ကျွန်တော့ရဲ့ ဒုတိယ ဇာတ်လမ်း ကတော့ အချစ် နဲ့ အရှုံး အကြောင်းပါ။

ကျွန်တော်ကံကောင်းခဲ့ပါတယ်။ ကျွန်တော်တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲ ဆိုတာ အသက်ငယ်ငယ်မှာရှာဖွေတွေ့ရှိခဲ့တာပါ။ ကျွန်တော့မိဘတွေရဲ့ ကားဂိုဒေါင် ထဲမှာ Apple ကို Wozနဲ့အတူ စတင်တည်ထောင်စဉ်က ကျွန်တော်အသက် ၂၀ ဘဲရှိပါသေးတယ်။ ကျွန်တော်တို့ ၂ယောက် တကယ်အလုပ်ကြိုးစား ခဲ့ကြတာပါ။ Apple ဟာ ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင် ထဲက ကျွန်တော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင် တန် ဝန်ထမ်း ၄ ထောင် ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ အကောင်း ဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက် တင်ပြီး တစ်နှစ် လောက် ကျွန်တော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။

အဲဒီမှာ - ကျွန်တော်အလုပ်က အထုတ်ခံရပါတယ်။ ကိုယ်တိုင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လိုလုပ်ပြီး အထုတ်ခံရနိုင်ပါ့မလဲ။
အဲ - ဇာတ်လမ်းက တော့ဒီလိုပါ။

Apple ကုမ္ပဏီကြီး ပွါးလာတဲ့အချိန်မှာ ကျွန်တော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ်ခန့်ခဲ့ ကြပါတယ်။ ပထမတစ်နှစ်လောက်ကတော့ အတော်လေးအဆင်ပြေပါတယ်။ ဒါပေမဲ့ တဖြေးဖြေးနဲ့ အနာဂါတ်အလားအလာ တွေ ကို အမြင်မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာ တော့ အကြီးအကျယ် ကတောက်ကဆ ဖြစ်တဲ့အထိပါဘဲ။ ဒီကတောက်ကဆ ဖြစ်တဲ့ အခါမှာ ဒါရိုက်တာအဖွဲ့က သူ့ဖက်ကရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀ မှာ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ တကဲ့ကို ဟိုးလေးတကျော် ဖြစ်ပြီး အလုပ်ထုတ်ခံရတာပါ။ ကျွန်တော့ရဲ့ ဘဝ တစ်ခုလုံးကို ပုံပြီး စိုက်လိုက်မတ်တပ်လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့ တာ ပါ။ ဒါဟာ ကျွန်တော့အတွက် အင်မတန် တုန်လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ ပါတယ်။

လပေါင်းအတော်ကြာ တကဲ့ကို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်းကြီးများ အပေါ်မှာ ကျွန်တော် တာဝန်မကျေဘူး လို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်းပေးခဲ့တဲ့ တာဝန်ကို ပေါ့လျော့မိတဲ့၊ လက်ဆင့်ကမ်းပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျခဲ့တဲ့သူလို ခံစားရတာပါ။

ကျွန်တော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့ကြောင့် ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီးတောင်းပန်ခဲ့ပါတယ်။ ကျွန်တော့ကျဆုံးခန်းဟာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေး သွားဖို့ အထိတောင် ကျွန်တော်စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့အချက်တစ်ချက်ကို ကျွန်တော် တဖြေးဖြေး နဲ့ သတိပြုမိလာပါတယ်။ အဲဒါကတော့ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်ကို ကျွန်တော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ်တွေ ဟာ ကျွန်တော့ ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။ ကျွန်တော့ကို ကန်ထုတ်တာခံရ ပေမဲ့ကျွန်တော်ကတော့ ချစ်ခင်စွဲလမ်းလျှတ်ပါ။ ဒါကြောင့်လဲ ကျွန်တော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျွန်တော့ဘဝတစ်လျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံးအဖြစ်ပါ။ အဲဒီအချိန်ကတော့ ဒီလိုမတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန် ထုပ် ဝန်ပိုးကြီး ကို ပေါ့ပေါ့ပါးပါး လူသစ်တစ်ခါ ပြန်ဖြစ်ရတယ်ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ မသေချာ မှုတွေချည်းပါဘဲ။ ဒီဖြစ်ရပ်ကဘဲ ကျွန်တော့ကို အနှောင်အဖွဲ့ တွေက ကင်းလွတ်ခွင့်ပေးပြီး ကျွန်တော့ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။

နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော်တည်ထောင်ပါတယ်။ Pixar ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော်တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန် ပြည့်ဝ တဲ့ အမျိုးသမီးတစ်ယောက်နဲ့မေတ္တာမျှပြီး ကျွန်တော်အိမ်ထောင်ပြု ခဲ့ပါတယ်။ Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာကာတွန်းကားကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့် အပြောင်းမှာ Apple က ကျွန်တော့ရဲ့ NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျွန်တော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျွန်တော်တို့စတင်ခဲ့တဲ့နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့ ကျွန်တော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။

ကျွန်တော်သာ Apple က အလုပ်ထုတ်မခံခဲ့ရရင် ဒါတွေတစ်ခုမှ ဖြစ်လာမှာ မဟုတ်တာ အတော်သေချာပါတယ်။ အလုပ်ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါး ကြီးပါ။ ဒါပေမဲ့ လူနာကိုကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံ ပါဘဲ။ တစ်ခါတစ်လေ တော့လဲ ဘဝမှာ ခေါင်းကိုအုတ်ခဲနဲ့ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိယုံကြည်ရာကို မစွန့် လွှတ်ပါနဲ့။ ကျွန်တော့ရဲ့ဘဝ တစ်လျှောတ်လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေး နေခဲ့တာဟာ ကျွန်တော့အလုပ်ကို ကျွန်တော် ချစ်ခင်စွဲလမ်းမှုဘဲလို့ ကျွန်တော်ယုံကြည် ပါတယ်။

ဘွဲ့ရမောင်မယ် တို့လဲ ကိုယ့်ရဲ့ အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအဆိုဟာ မောင်မယ် တို့ရဲ့ ချစ်သူရည်းစားရှာဖို့နဲ့ ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်။ ခုချိန်ထိမတွေ့သေးဘူးဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာပါ။ ရရာနဲ့မကျေနပ်ကြပါနဲ့။ နှလုံးသားရေးရာကိစ္စဆိုတော့ တွေ့ပြီလား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေပိုပြီး ခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာကြပါ။ ရရာလေးနဲ့ မရောင့်ရဲလိုက်ကြပါနဲ့။

ကျွန်တော့ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။

ကျွန်တော်အသက် ၁၇နှစ် မှာ ကောက်နှုတ်ချက် စာသားတစ်ခု ဖတ်ခဲ့ရပါတယ်။ မှတ်မိသလောက်ဆိုရင်တော့ "နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်းဖြစ်လာဖို့ သေချာပါတယ်" တဲ့။ ဒီစာသားက ကျွန်တော့စိတ် မှာထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီကစပြီး နောက်၃၃ နှစ်လုံး မနက်အိပ်ရာထမှာ မှန်ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။ "ဒီနေ့သာ ငါ့ဘဝ ရဲ့နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား" မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက် တိုက် "မလုပ်ချင်ဘူး" ဖြစ်နေပြီဆိုရင်တော့ အပြောင်းအလဲ တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ကျွန်တော် သိလိုက်ပါတယ်။

ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုချရာမှာ အရေးကြီးဆုံး အထောက် အပံ့ကိရိယာအဖြစ် ကျွန်တော်တွေ့ရှိခဲ့ တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာဘဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေး ကြီး တဲ့အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။ မင်းမှာ လက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့ အတွေးထောင်ချောက်ကို ရှောင်လွှဲဖို့ နည်းလမ်းတွေထဲမှာ ကျွန်တော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာ သေရတော့မှာဘဲလို့ သတိချပ်ခြင်း ပါ ။ မင်းဟာ ဗလာထီးထီး ကိုယ်ချည်း ဖြစ်သွားပါပြီ။ အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာ နောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိတော့ပါ။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မနက် ၇နာရီ ခွဲမှာ ဆေးဓာတ်မှန်ရိုက်ပါတယ်။ ကျွန်တော့ရဲ့ သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ သရက်ရွက် ဆိုတာဘာလဲဆိုတာတောင်မှ ကျွန်တော်မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေချာတယ်လို့ ကျွန်တော့ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃လ ကနေ ၆လ အထိဘဲနေရဖို့ မျှော်လင့်ထားပါလို့ ပြောပါတယ်။ ဒါဟာဘာအဓိပ္ပါယ်လဲဆိုတော့ ကျွန်တော့ရဲ့ ကလေးတွေကို နောင် ၁၀နှစ် အတွင်း မှာ ပြောပြဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ် အတွင်းမှာ အကုန်အစင်ပြောဖို့ ကြိုးစားပါ ဆိုတဲ့ အဓိပ္ပါယ် ပါဘဲ။ ကျန်ရစ်သူမိသားစု ဒုက္ခမများရလေအောင် ရှိသမျှ ကိစ္စတွေအားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ် ပါ။ သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။

တစ်နေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျွန်တော့ကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာ တော့ အသားစ ထုတ်ပြီး ဆေးစစ်ခံခဲ့ရပါတယ်။ ခန္တာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို ကျွန်တော့လည်ချောင်း ထဲကတစ်ဆင့် အစာအိမ်ကိုဖြတ်ပြီး အူသိမ်ထဲကို ရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျွန်တော့ရဲ့ သရက်ရွက်ကို အပ်နဲ့စိုက်ပြီး အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မေ့ဆေးနဲ့ မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့တာက ဒီအသားစကို အဏှုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ "ဟေးကနဲ" ထပြီးအော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ကင်ဆာဟာ အင်မတန်မှ ရှားပါးတဲ့ ခွဲစိတ်ပြီးကုသလို့ရတဲ့ သရက်ရွက်ကင်ဆာမျိုး ဖြစ်နေလို့ပါ။ ကျွန်တော် ခွဲစိတ်ကုသခံခဲ့ရပါတယ်။ ကျွန်တော် အခုနေကောင်းပါပြီ။

ဒါဟာ ကျွန်တော့အဖို့ သေခြင်းတရားနဲ့အနီးကပ်ဆုံးရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက်ပိုပြီးနီးနီးစပ်စပ် မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့် ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင်မယ် တို့ကို သေခြင်း တရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဥာဏ်သိအဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာချာ ကျွန်တော်ပြောနိုင်ပါပြီ။

ဘယ်သူမှမသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့သူများတောင်မှ အဲဒီကိုရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော်လည်း လူတိုင်းဟာ တစ်နေ့တော့ သေကြရမှာပါ။ ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။ ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တစ်ခုတည်းသော အကောင်းဆုံးဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်း ရှိပါတယ်။ မရဏတရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့ အပြောင်းအလဲဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရားက ဟောင်းဆွေးအိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျိုသစ်လွင်မှုတွေနဲ့ အစားထိုးပေးနေပါတယ်။ ဒီနေ့ဒီအချိန်အခါမှတော့ ဘွဲ့ရမောင်မယ်တို့ဟာ နုပျိုသစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော်မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့အဖယ်ရှားခံကြရမှာပါ။ စိတ်ထိခိုက်အောင်ပြောမိတာကို ကျွန်တော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။

ဘွဲ့ရမောင်မယ်တို့မှာ အချိန်တွေအများကြီးမရှိတော့ပါဘူး။ ဒီတော့တစ်ခြားသူတွေ နေသလိုဘဲနေပြီး အချိန်ကိုမဖြုန်းပါနဲ့။ သူများတွေရဲ့ အတွေးအထင်ထဲကအတိုင်း နေ ရတဲ့ဘဝကို တရားသေဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။ မိမိရဲ့အတွင်းစိတ် ကနှိုးဆော် သံကို သူတပါးတွေရဲ့ထင်မြင်ချက် အနှောင့်အယှက်သံတွေက ဖုံးလွှမ်းမသွားပါစေနဲ့။ ဒီထက်ပိုပြီးအရေးကြီးဆုံးအချက်ကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ရင်တွင်းသိစိတ်တို့က ခေါ်ဆောင်ရာကိုလိုက်ပါ။ သူတို့က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ်ဆိုတာကို သိနေကြပြီးသားပါ။ ကျန်တဲ့အရာတွေအားလုံးက သာမညအချက်တွေပါ။

ကျွန်တော်ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက် တဲ့ ကတ်တလောက်စာအုပ် တစ်ခု ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာအဲဒီတုန်းက ကျွန်တော်တို့တွေအတွက် တော့ ကိုးကွယ်စရာကျမ်းစာတွေထဲက တစ်အုပ်ပေါ့။ အဲဒီစာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brandဆိုသူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန်အလှတွေနဲ့ ချယ်မှုန်းပြီးထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခုနှောင်းပိုင်းကာလ ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့ စာအုပ်တစ်အုပ်လုံးက လက်နှိပ်စက်ရိုက်၊ ကပ်ကြေး နဲ့ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို စာအုပ်အဖြစ် ဖတ်ရ သလိုပါဘဲ။ ဒ်ီစာအုပ် ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကဲ့ကို စံနမူနာယူစရာစာအုပ်ပါ။ စာအုပ် တစ်ခုလုံးလဲ သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့ အကြံကောင်းတွေနဲ့ပြည့်နေပါတယ်။

Stewart နဲ့သူ့အဖွဲ့သားတွေဟာ “The Whole Earth Catalog” စာအုပ် တော်တော် များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေရပ်ဆိုင်းရတဲ့အခါမှာတော့ သူတို့တစ် တွေ နောက်ဆုံးနှုတ်ဆက်ခြင်းစာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ခုဘွဲ့ရမောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက်စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်ကကားလမ်းလေးတစ်ခုရဲ့ ဓာက်ပုံပါ။ စွန့်စားခန်း အင်မတန်ကြိုက်သူများ ကားကြုံစီးခရီးထွက်ရာမှာ တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာစာတန်းလေးရေးထားပါတယ်။ "ဆာလောင်မွတ်သိပ် ပါ။ အရူးထပါ။" တဲ့။

ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံးနှုတ်ဆက်တဲ့စကားပါ။ ကျွန်တော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်းတောင်းခဲ့ပါတယ်။ ခုဘွဲ့ရမောင်မယ် တို့ဘဝအသစ် စကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ တောင်းပေးပါ့မယ်။

"ဆာလောင်မွတ်သိပ်ပါ။ အရူးထပါ။"

အားလုံးကိုကျေးဇူးတင်ပါတယ်။


မူရင်း အင်္ဂလိပ်လို ဖတ်ချင်ရင် : http://news.stanford.edu/news/2005/june15/jobs-061505.html

ရှမ်းကလေး (ပို့ ပေးသော သူငယ်ချင်းအားအထူးကျေးဇူးတင်လျက်)

Wednesday, January 13, 2010

ခရီးသွားမှတ်တမ်း= ကျိုင်းတုံ

ရေးမယ် ရေးမယ်နဲ့ လုပ်နေတာ အရှုပ်တွေလုပ်နေတာနဲ့  ခုမှပဲ ရေးဖြစ်ပါတော့တယ်။ ဒါက ကျိုင်းတုံရဲ့  သင်္ကြန်ပွဲတော် ပါဗျာ။



ဒီအပေါ်ကပုံကတော့ ကျိုင်းတုံရဲ့  သင်္ကေတဖြစ်တဲ့ ကန်ကြီးပါ။ ဒီကန်က ရေမသွင်းရပေမယ့် ဆယ့်နှစ်ရာသီလုံး ရေမခန်းပဲနဲ့  ရှိနေပါတယ်။ ဒီကန်ကို နောင်တုန်ကန် (နောင်= ကန်၊ တုန်= ခဲနေသော) လို့ ခေါ်ပါတယ်။ ခုတော့ ခေတ်ရေစီးကြောင်းအရ ကန်ပတ်လည်မှာ ပလိယက်ဆိုင်၊ ဘီယာဆိုင်၊ မြန်မာစီ ဘီယာဆိုင်၊ လက္ဘက်ရည်ဆိုင်၊ စကိတ်စီးတဲ့ ဆိုင်ရယ်လို့  တော်တော်လေးကို စည်စည်ကားကားရှိနေပါပြီ။



ဒီပုံလေးကတော့ သင်္ကြန်မှာ လိုက်လည်တဲ့ ရေပတ်ခံကားပေါ့ဗျာ။ အောက်ကပုံတွေကတော့ ကျိုင်းတုံရဲ့  ယဉ်ကျေးမှု အစဉ်အလာ ပုံလေးတွေပါ။



ရဲကားတွေ့ တော့ တမျိုးမထင်ပါနဲ့ ဗျာ။ ဒီပုံလေးတွေက အိုးစည်ပို့ တဲ့ ပုံလေးတွေပါ။ သင်္ကြန်အတက်နေ့ ၁၃ ရက်နေ့ မှာ နှစ်စဉ် ကျင်းပပါတယ်။ အိုးစည်မပို့ ခင် တစ်ရက်မှာ ဒီအိုးစည်ကို မြို့ လယ်မှာ ချိတ်ထားပြီး တစ်ညလုံး တီးခတ်ကြပါတယ်။ မရပ်မနားပါ။ ဒါကြောင့် ကျိုင်းတုံမှာ ညဆိုရင်လည်း လူတွေကို အိုးစည် ချိတ်ထားရာ နေရာကိုသွားပြီး ရေသွားပတ်ကြပါတယ်။ ကံကောင်းခြင်း အထိမ်းအမှတ်အနေနဲ့ ပေါ့ဗျာ။

တစ်ညလုံးတီးခတ်ပြီး နောက်တစ်နေ့  (၁၃ ရက်နေ့ ရောက်တော့) တစ်မြို့ လုံးက လူအားလုံးနီးပါး အိုးစည်ထားတဲ့ နေရာကိုလာပြီး အိုးစည်ပို့ ဖို့ လာစောင့်ပါတယ်။ အဲဒီနေ့ ဆိုရင် မြို့ ပြင်ကနေ မြို့ အတွင်းထိ လူစည်လွန်းလို့  ကားအလွန်ကျပ်ပါတယ်။ အခွင့်အခါ ကြုံလို့  ပို့ ချင်တယ်ဆိုရင်တော့ 10 နာရီမတိုင် အရောက်သွားရပါတယ်။ အိုးစည်ပို့ တာ က 1 နာရီ လောက်မှာပါ။


အိုးစည် ပို့ ပြီဆိုရင်တော့ ရဲကားက အရှေ့ ကနေ လမ်းရှင်းရပါတယ်။ (လူအရမ်းများလွန်းလို့ လေ။) ပုံထဲက အတိုင်းပါပဲဗျာ။



ရဲကားသွားပြီးတဲ့ အချိန်မှာ အပေါ်ပုံလိုပဲ အလံကိုင်တဲ့သူတွေက လမ်းလျှောက်လိုက်ရပါတယ်။ ( အိုးစည်ထားတဲ့ နေရာကနေ ပို့ တဲ့ နေရာက မိနစ် 30 ကျော်ကျော်လောက်လျှောက်ရပါတယ်။)



အလံကိုင်တဲ့ သူတွေပြီးသွားတဲ့အချိန်မှာ ရှမ်းဗေဒင်အရ ထုလုပ်ထားတဲ့ သိကြားမင်းပုံ က လိုက်ပါရပါတယ်။ သူတို့  အယူရှိတာက ဒီနှစ် သင်္ကြန်မှာ သိကြားမင်း ဘာလက်နက်ကိုင်သလဲပေါ့။ ကိုင်တဲ့ လက်နက်ပေါ်မူတည်ပြီး ဒီနှစ်မှာ စပါးအဖြစ်ထွန်းမယ် မထွန်းဘူး လူတွေဘယ်လောက်သေမယ် ဆိုတာကို ခန့် မှန်းကြပါတယ်။ (နတ်ကို ယုံကြည်တုန်းပဲလေ) နှစ်တိုင်းတော့ သိကြားမင်း ကိုင်တဲ့ လက်နက်က မတူပါဘူး။



ပုံထဲကတော့ သိကြားမင်းကို ရေပက်နေကြတာပါ။ ယေဘုယျအားဖြင့် ဆုလည်းတောင်းကြပါတယ်။



သိကြားမင်းအပြင် အိုးစည်ကိုလဲ ရေပက်ကြပါတယ်။ အဲဒီအိုးစည်က ညကနေ ပို့ တဲ့ နေရာအထိ အဆက်မပြတ်တီးရပါတယ်။



သိကြားမင်းပုံသွားပြီးတဲ့အခါမှာ လမ်းလျှောက်ပြီး ပို့ ချင်တဲ့သူတွေက လိုက်ကြပါတယ်။ အပေါ်နဲ့  အောက်ကပုံ အတိုင်းပေါ့ဗျာ။






လမ်းလျှောက်တဲ့သူတွေပြီးသွားတဲ့အခါမှာ ဆိုင်ကယ်တွေက နောက်ကနေလိုက်ကြပါတယ်။




ကျိုင်းတုံမှာက အများအားဖြင့် ဆိုင်ကယ်ပဲ စီးကြပါတယ်။



ဆိုင်ကယ်တွေပြီးတော့ ကားတွေက နောက်ကနေ လိုက်ပါတယ်။ အိုးစည်ပို့ တဲ့ လူအုပ်ထဲရောက်ပြီ ဆိုရင်တော့ ဆိုင်ကယ်ရော ကားရော ပြန်ထွက်ဖို့ တော်တော်လေးကို ခက်ခဲပါတယ်။ ကားရော ဆိုင်ကယ်ရော အရမ်းကျပ်တယ်လေ။ တချို့ ကြတော့ ရေပူစမ်း၊ ရေတံခွန်၊ day club (ကျိုင်းတုံမှာက နေ့ လယ်မှာ ဖွင့်တဲ့ club ရှိတယ်လေ)၊ ချောင်းတွေမှာ သွားလည်ကြပါတယ်။ လယ်စရာတော့် တော်တော်လေးကို ရှိပါတယ်။



အိုးစည်ကို လိုက်ပို့ တဲ့ နေရာကတော့ ဒီဖားပုံလုပ်ထားတဲ့ ချောင်းလေးမှာပါ။



ရောက်ပြီဆိုရင်တော့ စပြီးတော့ ပရိတ်ရွတ်ပါတယ်။ အထူးသဖြင့်တော့ တစ်မြို့ လုံး ဘေးကင်း၊ ရန်ကင်းရှိအောင်နဲ့  စပါး အထွက်ကောင်း အောင်လို့ ပါပဲ။ မထင်မှတ်ပဲ အဲဒီမှာ နိုင်ငံခြားသားတွေလဲ တော်တော်များများတွေ့ လိုက်တယ်ဗျ။ အဲ ပရိတ်ရွတ် ပြီးတော့ အရုပ်တွေကို စွန့် လွတ်ရပါတယ်။ ဒါပေမယ့် လာတဲ့လူတိုင်းက အရုပ်ရဲ့ အပိုင်းအစတွေကို လုကြပါတယ်။

ယုံကြည်မှုအရ ဖားကိုလုပ်ထားတဲ့ ရွံ့ ကိုယူပြီး လယ်ထဲထဲ့ရင် မြေကောင်းမွန်ပြီး၊ သိကြားမင်းရုပ်ထု ကတော့ ကံကောင်းပြီး မကောင်းဆိုးဝါး မကပ်ဘူးတဲ့ဗျာ။ (လုတဲ့ပုံ က ရန်ဖြစ်တာထက်ဆိုးလို့  ဓါတ်ပုံရိုက်မယ့်အစား လွတ်အောင်ရှောင်နေရပါတယ်ဗျာ)။

ကျနော်လဲ ကျိုင်းတုံမှာ နှစ်ပေါင်း 20 ကျော်တာနေခဲ့တာ ဒီတစ်ခေါက်မှပဲ အိုးစည်ပို့ တာ ကြုံရပါတယ်။ အိမ်က အန္တာရယ်များလို့  ဆိုပြီး မလွတ်တာပါ။ လူကို စိတ်ပူလို့ တော့ မဟုတ်ပါဘူးလေ။ ဆိုင်ကယ်ပျောက်မှာ ဆိုးလို့ တဲ့ဗျာ။

အဲ တစ်ခုကောင်းတာကတော့ ကျိုင်းတုံမှာက ဘီယာ တစ်လုံးမှ 500 ကျပ်ပဲဗျ။ (တရုတ်ဘီယာလေ) ကျိုင်းတုံမှာက ရေပူစမ်း၊ ရေတံခွန်၊ day club၊ အစုံတော့ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ကလဲ တော်တော်လေးကို ကောင်းပါတယ်။ ဆောင်းရာသီမှာဆိုရင် ရေခဲသေတ္တာ မလိုပဲ ရေတောင်ခဲပါတယ်ဗျာ။

အအေးကြိုက်တတ်တဲ့သူများ စိတ်ဝင်စားရင်တော့ သွားလည်ပါလို့ ဖိတ်ခေါ်ပါတယ်။ ရန်ကုန်ကနေ ကုန်းလမ်းသွားရင်တော့ နှစ်ည သုံးရက်တည်းပါ။ ရန်ကုန်ကနေ တောင်ကြီးပေါ့။ တောင်ကြီးကနေ ကျိုင်းတုံကို van တွေရှိပါတယ်။ ကျနော်သွားတုန်းက တောင်ကြီး ကနေ ကျိုင်းတုံကို တစ်ညအိပ်ရပါတယ်။ ဒါပေမယ့် သဘာဝ ရှုခင်းတော့ တော်တော်လေးကို လှပလွန်းလို့  ထပ်ထပ်ပြီးကို သွားချင်တယ်ဗျာ။ မယုံရင်စမ်းကြည့်ပေါ့ဗျာ။


ရှမ်းကလေး

ကြယ်နဲ့ လ

ငါလွမ်းချိန်မှာ မင်းကိုကြည့်လို့ 

အလွမ်းဖြေတယ် ကြယ်နဲ့ လရယ်။

ငါပျော်ချိန်မှာ မင်းဝင်းပလို့ 

ငါနဲ့ အတူ ၀မ်းသာပေးတယ်။

ငါစိတ်ညစ်ချိန် မင်းကရှောင်ပြေး

မှိတ်ချီပေါ်ချီ စိတ်မပါပဲ

တိမ်တွေနောက်မှာ မင်းတို့ ပုန်းတယ်။

ဒါပေမယ့်

ငါပျော်ချိန်နဲ့  စိတ်ညစ်ချိန်မှာ

မင်းတို့ တွေသာ ငါ့အဖော်ပါ

ကြယ်နဲ့ လရာ။


လေပြေ

ကံကြမ္မာရဲ့  ရေစီးကြောင်းမှာ...

ကံကြမ္မာရဲ့  ရေစီးကြောင်းမှာ

မျောပါလိုက်ရင်း မြုပ်ချီပေါ်ချီ

ကမ်းမပြင်ပဲ တ၀ဲလည်လည်

ခိုနားစရာ မတွေ့ ရပဲ

မျောပါလိုက်ရင်း ဘယ်နေ့ ချိန်ခါ

ကမ်းတစ်ခုမှာ နားနိုင်မလဲ?

ကံကြမ္မာရဲ့  ရေစီးကြောင်းက

စမ်းသပ်နေလား?

ပျော်လိုက်ငိုလိုက် ကြုံတွေ့ ရင်းက

ရေစီးကြောင်းမှာ ဆက်ပါသွားတယ်။

တစ်နေ့ နေ့ တော့ နားခိုစရာ

ကျွန်းကလေးများ တွေ့ မယ်လို့ ပဲ

ယုံကြည်နေရင်း ဆက်မျောသွားမယ်

ကံကြမ္မာနဲ့  အတူတူပေါ့။။


လေပြေ

Saturday, January 9, 2010

The last thing................

It would be the last thing
you seem to be upset

I would say it
take goodbye from me.

My heart that I gave you
seem to be decayed.

The thought we shared
all will be gone..

More or less
the difficultity will be mine
trying to forget you...

with the new day
I will try, to forget you

with new heart, my last wishing
that's
I still human....



Lay Phay

လူဆိုး

အရက်သောက်လဲ လူဆိုး
ဖဲရိက်တော့လဲ လူဆိုး
ရည်းစားများလဲ လူဆိုး။

လူများနဲ့ မတူ လုပ်တော့လူဆိုး
ရည်းစားနဲ့ ပျက်လဲ လူဆိုး
ရန်ဖြစ်တော့လဲ လူဆိုး။

ကြက်တိုက်တော့လဲ လူဆိုး
ညလယ်တော့လဲ လူဆိုး
ပိုက်ဆံလေးများ သုံးသာများလဲ
လူဆိုး။

မိန်းမစကား နားလေးမထောင်
သူတို့ ခေါ်တာ လူဆိုးပါ။

ကိုယ်လုပ်ချင်တာ လုပ်လေတော့လဲ
သူတို့ သုံးတာ လူဆိုးပါ။

ဒါပေမယ့်

လူသာဆိုးလို့  အကျင့် မပျက်
ကုန်သိက္ခာစောင့် လူ့ ကျင့်ဝတ်မှာ
ကျင်လည်နေသူ အမောင်လူသား
ဘယ်သူလေးများ သိလေမလဲ?



လေပြေ

သဘာဝလေလား?

ချစ်တတ်တော့လဲ ဗွေတယ်တဲ့ဗျ
ရည်းစားမရှိ ရောင်းမရတဲ့။

ရည်းစားများတော့ လူရှုပ်ပေါ့ဗျာ
တစ်ယောက်ရှိတော့ အတင်းလေးတုတ်
အလုပ်မရှိ။

နှစ်ယောက်ထားတော့ သူကလူဗွေ
သုံးယောက်ထားတော့ ခန့် ချောလေးပါ
လေးယောက်ထားတော့ လူကြီးသားပါ
ငါးယောက်ထားတော့ ဗိုလ်ချုပ်သားလေ
ခြောက်ယောက်လေးတော့ အပျော်လေးပေါ့
ခုနှစ်ယောက်တော့ ကမြင်းကြောထ
ရှစ်ယောက်လေးတော့ စည်းစိမ်မက်လို့ 
ကိုးယောက်ကြတော့ ယကြာချေတာ
ဆယ်ယောက်လေးမှာ ကိုးကိုနိုင်လို့ 
အစွမ်းထက်တယ်
မိခိုင်တို့ တော့ ကိုင်လိုက်မှာပဲ
တဲ့ဗျာ......



ရှမ်းကလေး (ဘယ်သူ့ ကို မှ မရည်ရွယ်ပါ။ ကာရန်ညီရန်အတွက်တာ သုံးထားပါတယ်)

အထီးကျန် ဘဝ

နှစ်သစ်ကူးချိန်မှာ ရောင်ချာချာလေး
ဘယ်သွားရမသိ အဖော်ညိမရ
စိတ်ပျက်စွာနဲ့ ပဲ

ဓါတ်ပုံလေးတွေ ထိုင်ကာကြည့်နေရင်း
ဆိုင်ရာဆိုင်ရာလေး သတိရနေပြီး
သူလေးတွေများတော့ ပျော်နေတော့မလား?

အထီးကျန်စွာနဲ့  အဆွေးသီချင်းများ
ထိုင်ကာနားထောင်တော့ ပိုလွမ်းဆွေးလေတယ်။

တီဗီဖန်သားက အသက်မပါတဲ့
ပုံလေးကြည့်နေရင်း တစ်ယောက်တည်းပါပဲ
Cheer လုပ်နေမိခဲ့ပါတယ်။


လေပြေ

left behind

The time has come, when we part
without laugh and smile
sadness was in our eyes...

holding the hands that not are mine
with the silent we said goodbye

the smile on your face and mine
they shine without love

at the end, you left without mind (mine)
let's just say goodbye


Lay Phay