"စိုင်းစိုင်း... " ဟု အပြေးအလွားခေါ်ကာ အိမ်ပေါ်တက်လာတဲ့ ကောင်မလေး... ဆံပင်ခပ်ရှည်ရှည်နဲ့ 
"ဘာလဲဟ? ဖြည်းဖြည်းလာလဲရပါတယ်ကွာ စိုး ရာ" သူ့ နာမည်က စိုးနန္ဒာ။ ကျနော့်အရင်းနှီးဆုံး သူငယ်ချင်းပါ။ သူက သူဌေးသမီးလေ.. ကျနော်ကတော့ လယ်သမားသားတစ်ယောက်ပါ။
"ငါ ရှစ်တန်းအောင်တယ်ဟာ" ဟု ပြောလေ၏။ ကျနော်လဲ စိတ်ညစ်စွာနဲ့  ...
"ရှစ်တန်းအောင်တာများကွာ အဆန်းလုပ်လို့ .. ငါလဲအောင်တာပဲဟာ" ဟု ဘုဆတ်ဆတ်ပြောလိုက်သည်။ ရှစ်တန်းက အစိုးရဖြေဆိုပေမယ့် အဲလောက်ထိ မပျော်သင့်ဟု ကျနော်ထင်သည်။
"နင်ကလဲ.. ခံစားချက်ကို... မရှိဘူး။ ငါတို့  နောက်နှစ်မှာ ကိုးတန်းအတူတူတက်လို့ ရတာပေါ့..။ အင်းလေ.. နင်ကစာတော်တော့ အေ ခန်းရမှာပေါ့. ငါတော့... ဘီ ခန်းမှာပဲနေရမယ်ထင်တယ်." ဟု ပြောလေ၏။
အမှန်ပြောမယ်ဆိုရင် ကျနော်သူ့ ကို ချစ်နေတာပါ။ ဒါပေမယ့် သူမချစ်ခဲ့ရင် ဒီလိုမျိုး ဘ၀ကို လက်လွတ်ဆုံးရှုံးရမှာကို ကျနော်ကြောက်တယ်လေ။ သူ့ ကို ချစ်တယ်ဆိုပေမယ့် သူ့ အကြောင်းကို ကျနော်က သိပ်သိတာမဟုတ်.။ သူက တခြားမြို့ ကနေ လာတက်တာ.။ ဒီရှစ်တန်းရောက်မှ ကျနော်သူ့ ကို စတွေ့ တာလေ။ မြင်မြင်ချင်းစိတ်ဝင်စားတယ်ဗျာ။ ဒါပေမယ့် သူဘယ်မှာ နေမှန်းကို ကျနော်မသိဘူး။ ကျနော့်အိမ်က ကျောင်းနဲ့ မျက်နှာချင်းဆိုင်ဆိုတော့ အားလုံးလိုလိုက သိနေကြတာ။
ကျနော်တက်တဲ့ကျောင်းက အလယ်တန်းကျောင်း... ရှစ်တန်းအောင်တော့ တခြားကျောင်းကို ပြောင်းရပါတယ်။ ကျောင်းသစ်ရောက်တော့ ကျနော်က အေ အခန်းရပြီး "စိုး" က ဘီအခန်းရပါတယ်။ အဲဒီအချိန်မှာ ကျနော်နဲ့  တစ်တန်းထဲ ရှိပြီး အေတန်းရတဲ့ သူငယ်ချင်းက...
"စိုင်း.. ငါ အေ တန်းမနေချင်ဘူး.. ငါအခန်းပြောင်းချင်တယ်.. နင်လိုက်ပြောင်းပါလား"
ဆိုပြီးတော့ အဖော်ညိပါတယ်။ ပြောမယ်ဆိုရင်လဲ ကျနော်တို့ က ကျောင်းသားအသစ်တွေဆိုတော့ ဒီမှာ ဘယ်လိုရှိမှန်းမသိ။ ဆိုတော့ ကျနော်လဲ ...
"ကောင်းသားပဲ.. ငါတို့ ဘီအခန်းကို ပြောင်းရအောင်လေ" လို့ သာ ပြောပြီး ဘီ အခန်းကိုပြောင်းကြတော့ စိုး နဲ့ အတန်း အတူတူ ဖြစ်သွားတယ်။
ကိုးတန်းတုန်းကတော့ တော်တော်လေးကို ပျော်ခဲ့ပါတယ်။ ကျနော်နဲ့  စိုးက ကျူရှင်လဲ အတူတူ၊ သွားလာတာလဲ အတူတူပဲလေ။ ဒါပေမယ့်... သူ့ ကို ကျနော်ချစ်တဲ့ အကြောင်းမပြောမိပါဘူး...
အိမ်ကမှာထားတယ်ဗျာ... ဆယ်တန်းမအောင်ရင် လူရာမတိုးဘူးတဲ့လေ.. ဆိုတော့ ကျနော်လဲ အဟန့် အတားဖြစ်မယ့် အရာအားလုံးကို မလုပ်ဘူး။။ ရှင်းရှင်းပြောရင် ကျနော်စိတ်ဝင်စားတဲ့ ဂစ်တာကိုတောင် မတီးဘူး။။။ ဂစ်တာသီးရင် စိတ်လေတတ်တယ် လို့  အိမ်က ဆုံးမထားတာ။
အဲလိုနဲ့  စာမေးပွဲ ဖြေဖို့ အချိန်ရောက်လာပါတယ်။ စာမေးပွဲနီးတော့ ကျနော်လဲ ကျူရှင် ကို အမြန်ရောက်အောင်ပြင်ဆင်ပြီး အိမ်ကနေထွက်လာလိုက်တယ်။ လမ်းရောက်တော့ ကျနော့်သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ တယ်လေ။ အိမ်နီးနားချင်းကပေါ့။။ သူက ကျနော်နဲ့ လမ်းအတူလျှောက်ပြီး ...
"ဟေ့ကောင်... စိုင်းစိုင်း... မင်းသူငယ်ချင်းစိုးက တော်တော်ချစ်စရာကောင်းတယ်နော်.."
ကျနော်လဲ ဘုမသိ.. ဘမသိပဲ..
" အင်းဟုတ်တယ်.. ဘာဖြစ်လို့ လဲ?"
" အေး.. ငါသူ့ ကို ရည်းစားစာပေးထားတယ်ကွ.. သူက စာမပြန်သေးဘူး. မင်းငါ့အတွက်သူ့ ကို မေးပေးပါလား?"
ကျနော်.. ကြောင်တောင်တောင်ဖြစ်သွားပါတယ်။ မထင်မှတ်ပဲနဲ့  ကိုယ်ကြိုက်တဲ့ ကောင်မလေးကို ကိုယ့်သူငယ်ချင်းနဲ့  အောင်သွယ် လုပ်ပေးရမှာပါလားလို့ ။ ပြီးရင်ပြီးရော ဆိုတဲ့ သဘောနဲ့  ကျနော်လဲ..
"ငါမေးပေးမယ်လေ" ဟုသာပြောကာ ထွက်လာလိုက်သည်။
ကျူရှင်ပြီးသွားသောအခါ.. စိုးနဲ့ အတူတူလျှောက်ရင်း .. သူငယ်ချင်းအကျိုးဆောင်သောအနေနဲ့  (စိတ်ဆန်း ချင်တာလဲ ပါတာနဲ့ ) ..
"ငါ့သူငယ်ချင်း မင်းကို ရည်းစားစာပေးထားတယ်မဟုတ်လား?"
" နင်ဘယ်လိုလုပ်သိတာလဲ?"
" ဒီလိုပါပဲ။ ငါကြားတာပါ။ နင်သူ့ ကိုကြိုက်လား? "
"မကြိုက်ပါဘူးဟာ.. နင့်လိုဆိုရင်တော့ တစ်မျိုးပေါ့"
ဟုပြောကာ.. ထွက်သွားလေသည်။ ကျနော့်အိမ်နဲ့ နီးနေတော့ ကျနော်လဲ အိမ်ကို တန်းပြန်ခဲ့ပါတယ်။ အဲလိုနဲ့  စာမေးပွဲပြီးတော့ စိုး လဲ သူ့ မြို့ ကို ပြန်သွားလေရဲ့ ။
ကျောင်းပိတ်ရက်အတွင်းမှာ ကျနော်လဲ စေတနာ့ဝန်ထမ်းအနေနဲ့  ကလေးတွေကို ရှမ်းစာလိုက်သင်ပေးပါတယ်။ အဲလိုနဲ့  ကျောင်းပြန်ဖွင့်တော့ ကျနော်က အေ ရောက်ပြီး.. စိုးက စီ အတန်းထဲရောက်သွားပါတယ်။ အဲလိုနဲ့ နှစ်ကုန်လို့  စာမေးပွဲ ဖြေပြီးသွားတဲ့ အချိန်မှာ.. စိုးနဲ့  ကျနော်တို့  သူငယ်ချင်း တစ်သိုက် လျှောက်လည်ကြပါတယ်။
နောက်ပိုင်းမှာတော့ ကျနော်လဲ ဆရာလုပ်နေတာရယ်.. နဲ့ ပဲ အချိန်တွေကုန်လို့  စိုးနဲ့ မတွေ့ မိပါဘူး။
တစ်နေ့ မှာ ကျောင်းပိတ်နေတာနဲ့  ကျနော်လဲ အိမ်မှာ အေးအေးဆေးဆေးထိုင်နေတုန်း မထင်မှတ်ပြီး အိမ်မက်မင်းသမီးက ကျနော့် အိမ်ကိုရောက်လာပါတယ်။ ကျနော်က ပြုံးရွင်စွာ ကြိုဆိုရင်း... ၀မ်းသာလုံးဆို့ နေချိန်မှာ.. စိုးက ဖိတ်စာတစ်စောင်ကမ်းပေးပါတယ်။ မင်္ဂလာဖိတ်စာ.. သူ့ ရဲ့  မင်္ဂလာဖိတ်စာ...
ကျနော်မှာဖြင့် ၀မ်းသာရမလို.. ၀မ်းနည်းရမလိုဖြစ်ပြီးတော့ ပြုံး၍သာ
" ၀မ်းသာတယ်ကွာ" ဟုပြောလိုက်ပါတယ်။
ဖိတ်စာပေးပြီးတော့ သူမလဲ ပြန်ထွက်သွားပါတယ်။ တခြားနေရာ သွားစရာရှိလို့ တဲ့။
နောက်နေ့ မှာ ကျနော်လဲ သူမ မင်္ဂလာဆောင်အတွက် ပစ္စည်းထွက်ဝယ်ရင်း .. ၀မ်းနည်းစွာနဲ့  လဖ္ဘရည်ခွက် သုံးဆုံကို ပေးမှပဲ ဆိုပြီး ဆိုင်ရှင်ကို သေသေသပ်သပ် လုပ်ခိုင်းရင်း.. စိတ်မကြည်စွာနဲ့  အိမ်ပြန်ရောက်လာတယ်။ သူမ မင်္ဂလာဆောင်က မနက်ဖြန်ဆိုတော့လဲ..
မနက်ရောက်တော့ ဆိုင်ကယ်ကို စီးပြီး သူငယ်ချင်းကို ကြို ပြီးတော့ မင်္ဂလာပွဲကို သွားခဲ့တယ်လေ။ လက်မှာ က လက်ဆောင်နဲ့  ..
ရောက်တော့ သတို့ သမီးကိုယ်တိုင် ဆင်းကြိုတာပေါ့ဗျာ။ ပြီးတော့ ကျနော့်နဘေးမှာ လာထိုင်ပြီး ဘီယာတွေ ထည့်ပေးပါတယ်။ ကျနော်က ဘီယာကို မကြိုက်.. တစ်ခေါက်မှလဲ မသောက်ဘူးတော့ သိပ်မသောက်ချင်ဘူး.. အဲဒီအချိန်မှာ သတို့ သမီးက လိမ္မော်သီး တွေအခွံခွါရင်းခွံ့ ကြွေးပါတယ်။ လူအများကြားမှာ ရှက်ရှက်နဲ့  ကျနော်လဲ ...
" ငါ့.. ဖာသာ ငါစားပါ့မယ်ကွာ.. လုပ်ပေးစရာမလိုပါဘူး" ဟု ပြောတော့..
" နင်သိဖို့ က... ငါနင့်ကို လုပ်ပေးနိုင်တာ ဒါနောက်ဆုံးပဲ.. နောက်ပိုင်းမှာ.. ငါကြင်နာတာကို နင်ခံစားနိုင်မှာ မဟုတ်ဘူး။ နင့်လို လူအ ကို တော်လာအောင် ငါ မလုပ်နိုင်ခဲ့ဘူးပဲ.. "
ဟုပြောကာ ထွက်သွားလေသည်။
ကျနော့်မှာဖြင့် ဘာမှ မသိလိုက်ပဲ.. မင်္ဂလာဆောင်ပွဲကနေ ထွက်ခွာခဲ့ပါတယ်။။
ရှမ်းကလေး...
Friday, January 22, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment