Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, January 21, 2010

အဖြစ်မှန်နဲ့  အဖြစ်မှားများ..............

တီဗွီဖန်သားပြင်ပေါ်က မလှမပ အရိုးခေါင်းနဲ့ အတူ... ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်ပါသည်..ဆိုသော ကြေငြာကို ကြည့်ရင်း... "အမ.. လန်ဒန်တစ်ဘူး" ဟုလှမ်းပြောလိုက်သည်။ ကျနော် စဉ်းစားတာက လူတိုင်းက တစ်နေ့ နေ့  သေရမှာပဲ.. ဒါပေမယ့် သေတဲ့အချိန်မှာ ဘာရောဂါနဲ့  သေမလဲဆိုတာပဲရှိတယ်လေ။ နာမည်ကြီးတဲ့ ရောဂါနဲ့ သေလဲ ဘာဖြစ်လဲလို့ ။ အဲ... အေအိုင်ဒီအက် (စ်) က လွဲရင်ပေါ့။

ဆိုင်ရှင်အမကြီးက ဆေးလိပ်ဘူးလှမ်းပေးရင်း.. "2300" ဟုပြောတော့.. ကျနော်လဲ အိတ်ကပ်ထဲက 1000 တန်နှစ်ရွက်ကို ထုတ်ပေး လိုက်သည်။ ထို့ နောက် ဆိုင်ရှင်အမကြီးက ခပ်နွမ်းနွမ်း ငါးရာတန်နှင့် အလွန်ဟောင်းနွမ်းကာ ပြတိုက်တွင် ထားသင့်သော 100 တန်၊ တစ်ရွက်နှင့် ၂00 တန်တစ်ရွက်ကိုပြန်အန်းလေသည်။

ထိုဟောင်းနွမ်းသော စက္ကူကိုကိုင်ရင်း ကျနော်သည် အိမ်သို့ ပြန်လာခဲ့သည်။ နှစ်ထပ်တိုက်အိမ်အ၀င်ဝတွင် ဖိနပ်များရောင်စုံ၊ မညီမညာ ပျံ့ ကြဲနေလေ၏။ ထိုမြင်ကွင်းကို ငေးကြည့်ရင်း..

ူ"အော်ဟုတ်သားပဲ... ငါ့အဒေါ် ဆုံးသွားတာကိုး" ဟု မှတ်ချက်ချကာ လူမမြင်ရာ ငါးကန်ဘေးတွင် ဆေးလိပ်ဗူးဖွင့်ကာ ဆေးလိပ်ထိုင်သောက်နေလိုက်သည်။ ထိုသို့ နှင့် အတိတ်က တရိတ်ရိတ်...

ကျနော့်အိမ်မှာက အဘိုး၊ အဘွား နဲ့  အပျိုကြီးအဒေါ် တစ်ယောက်ရယ်၊ အဘွားရဲ့  အမေရယ်၊ လက်ရှိဆုံးသွားတဲ့ အဒေါ့်ရဲ့ယောင်္ကျား နဲ့  သူ့ သမီးရယ်၊ ကျနော်ရယ် ခုနှစ်ယောက်တည်းနေတာပါ။ တခြား မိသားစုဝင်တွေတော့ ကိုယ့်အိမ်ထောင်နဲ့  ကိုယ်က တစ်ကြောင်း၊ ဘုန်းကြီးဝတ်နေတာက တစ်ကြောင်းကြောင့် အိမ်မှာမရှိပါဘူး။

ဒီဆုံးသွားတဲ့ အဒေါ်နဲ့  ကျနော်နဲ့  က သိပ်မကိုက်ဘူးဗျ။ ကျနော်က ည လျှောက်လည်ပြီးတော့ ပြန်အိပ်ပြီးရင်.. ဒီအဒေါ်က ကျနော့်ကို မမြဲတမ်းစောစောနိုးတယ်။ နိုးတော့ ကျနော့်မှာက ဘာမှ လုပ်စရာမရှိတော့ ပျင်းတယ်ပေါ့ဗျာ။ ကျနော်က ပန်းရံလဲမတတ်.. ဆေးသုတ်လို့ လဲမရ.. လယ်လဲ မလုပ်တတ်.. ငယ်ငယ်ကတည်းက လုပ်တာဆိုလို့  ကျောင်းတက်တာပဲရှိတယ်။ ခုတော့ ၁၀ တန်းအောင် ပြီလေ။ နှစ်ချင်းပေါက်ပါပဲ. ..ကုန်ထူးတော့ မပါဘူးပေါ့။ ဆယ်တန်းအောင်ပြီးတော့လဲ ဘာမှ လုပ်ကိုင်လို့ မရ.. ကျနော့် သူငယ်ချင်းတွေကတော့ ဆိုင်ကယ် အပြေးလိုက်တယ်လေ။

အိမ်ကလဲ ကျနော်ဘာမှ မလုပ်တတ်မှန်းသိတော့ ဘာမှ သိပ်မပြောပါဘူး.. မပြောပေမယ့် ကျနော်လဲ သူငယ်ချင်းတွေနဲ့ လိုက်ပြီး အဌားလိုက်တာတွေလုပ်ပါသေးတယ်။ အဲဒီတုန်းက တစ်မနက်ကို 500 ရတယ်လေ။ မနက်ပြီးတော့ နေ့ လယ်မှာ စပါးရိတ် အဌားလိုက်တယ်။ တစ်ခါမှ မလုပ်တတ်တဲ့ ကျနော့်ကို အလုပ်ရှင်က ကြည့်ပြီး.. တစ်နေ့ လုပ်ခထုတ်ပေးပြီးတော့ "ပြန်ပါတော့ကွာ... မင်းလက်မ ပြတ်တာကို ငါမမြင်ချင်ဘူး" ဆိုပြီးတော့ မောင်းထုတ်တယ်လေ... အင်း.. ကျေးဇူးပဲ တင်ရမလား... တောင် မသိဘူး..

အဲ... လူငယ်သဘာဝဆိုတော့ ရည်းစားလေးက ရှိသေးတယ်ဗျာ။ သူ့ ခမျာ မေးရှာပါတယ်... "ငါတို့ လက်ထပ်ပြီးရင် ဘာအလုပ် လုပ်မလဲတဲ့? " အော်.. ခက်ပါ့ဗျာ... တစ်အိမ်လုံးက ပညာတတ်ဖြစ်ပါစေဆိုပြီး ကျောင်းထားတာလေ... ဘာမှကို မလုပ်ရဘူး..။ ခုတော့ အိမ်က လူတွေ လူတကာကို " ငါ့မြေးက ဆယ်တမ်းကို နှစ်ချင်းပေါက်အောင်တယ်ဆိုတဲ့" စကားက လွဲရင် ဘာမှ မရှိဘူးဖြစ်နေတယ်လေ။ နောက်ဆုံးမှာတော့ သူလဲ ကျနော့်ကို မစောင့်နိုင်ပဲ မင်္ဂလာဆောင်သွားတယ်လေ... (ဘ၀..ဘ၀)

အတိတ်...

ကျနော်လဲ မုဆိုးဖိုလို့  ပြောလို့ ရပါတယ်လေ။ ကျနော်က အသက် 15 ထဲကအိမ်ထောင်ပြုတယ်လေ။ အိမ်ထောက်ပြုပုံက ဒီလိုဗျ..

ကျနော့် အဖိုးအိမ်ကိုလာလည်ရင်း... ကျနော့် အမျိုးတစ်ယောက်က အိမ်သစ်တက်ပွဲရှိတယ်... လာလုပ်ကူပါဆိုပြီး ကျနော့်ကို ဖိတ်တယ်ပေါ့နော်... အဲလိုနဲ့  ကျနော်သွားလုပ်ကူတယ်လေ... အိမ်ပေါ်ရောက်တော့ ကျနော့်ဦးလေးက သူ့ သမီးနဲ့ အတူ ပရိတ်ကြိုး သွားချီပါဆိုပြီးတော့ ပြောတာပေါ့.... ပရိတ်ကြိုးချီတယ်ဆိုတာက ကံကောင်းအောင်နဲ့  သက်ကြီးရွယ်အိုတွေက ဆုပေးတာဆိုတော့ အဆန်းမဟုတ်ဘူးလေ..

ကျနော်လဲ ခပ်တည်တည်နဲ့  သွားအချီခံတာပေါ့... ကလေးပဲဟာ... အဲလူကြီးတွေဆုပေးတာကို နားထောင်မိတော့မှ ကျနော်ထ မပြေးမိအောင် မနဲကြိုးစားရတယ်ဗျာ...လူကြီးတွေဆုပေးတာကလဲ "ဒီလင်မယား အိုအောင်မင်းအောင် ပေါင်းနိုင်ပါစေတဲ့ဗျာ "။ ဆုပေးတဲ့ သူတွေထဲမှာ ကျနော့်ဦးလေးနဲ့  အဘိုးလဲ ပါပါတယ်။ သူတို့ က လဲ ခပ်တည်တည်ပဲဗျ. ... ဘာမှကို မပြောဘူး...

ချီပြီးသွားတာနဲ့ ကျနော်လဲ အိမ်ကိုပြန်... ပြီးတော့ ပရိတ်ကြိုးတွေကို အားလုံးဖြတ်ပြီးလွင့်ပစ်လိုက်တယ်... "မဆီမဆိုင်ကိုယ် က သူများယောင်္ကျား ကြားကနေ ဖြစ်ရပါလားနော်.... "

"အဟွတ်.. ဟွတ်..." အတိတ်ကိုတွေးရင်း ပြုံးမိတော့ ချောင်းတောင်အလွန်ဆိုးမိသွားတဲ့ ကျနော့်ဘ၀... ၀မ်းနည်းမလိုလိုနှင့် နောက်ဆုံးတော့လဲ ရယ်စရာဖြစ်နေသည် မဟုတ်ပါလား... အဲ... နောက်မကြာခင်မှာပဲ ကျနော့်ဦးလေး သမီးလဲ ဆုံးသွားပါတယ်... သူဆုံးချိန်က အသက် 30 ရှိနေပါပြီ...

သောက်ပြီးသွားတဲ့ ဆေးလိပ်ကို မီးသတ်ပြီးတော့ ကျနော်လဲ အိမ်ပေါ်သွားပြီး ကူသင့်သည်ကို ကူမည်ဟု စိတ်ကူးကာ အိမ်ပေါ်သို့  တက်လာခဲ့သည်။ ကျနော့်အဖိုးကတော့ ထုံးစံအတိုင်း ကွမ်းအစ်ကိုဖွင့်ကာ ကွမ်းယာ ၀ါးနေလေသည်။ အိမ်အလယ်မှာတော့ အခေါင်း တစ်လုံး...အခေါင်းအောက်မှာတော့ မျက်ရည်များနဲ့  ငိုနေတဲ့ ကျနော့် အဘွား...

အဘွားငိုနေသည်ကို ကြည့်ရင်း..ကျနော်လဲ မည်သို့ ဖြေသိမ့်ရမည်မှန်းကိုမသိတော့... နောက်ဆုံးတော့ မသိကျိုးကျွန်သာ ပြုမိလေသည်။


ထိုအချိန်တွင်... အဘွားက

"အဖြစ်ဆိုးလှချီလား ငါ့သမီးရယ်... မင်းကို ကုသဖို့ ... ပိုက်ဆံမရှိလို့ မင်းဒီလိုဖြစ်ရတာ" ဆိုတဲ့စကားကို ကျနော်ကြားလိုက်တော့ အဘိုးကို အမှတ်မထင်ကြည့်မိပါတယ်။ အဘိုးကတော့ "မပြောပါနဲ့ " လို့ သာပြောပြီး ကွမ်းယာ စားနေပါတယ်။ အဘိုးက စကားနည်းတယ်... သိပ်မပြောဘူး...

အဲဒီအချိန်မှာ... ကျနော့်အိတ်ကပ်ထဲကို အမှတ်မထင်သွားစမ်းမိတယ်... မှာမှာတောင့်တောင့်အရာ... ကျနော်သိပြီ ဒါက ဆေးလိပ်ဘူး. တစ်နေ့ နေ့ မှာ ကျနော် ဆေးလိပ်အရမ်းသောက်လို့  ကင်ဆာ ဆိုတဲ့ ရောဂါရခဲ့ရင်... ကျနော့်အဖိုး၊ အဘွားတွေလဲ ဒီလိုပဲ ကျနော့်ကို ကုသဖို့  ပိုက်ဆံရင် တော်တော်လေးကို ၀မ်းနည်းနေရမှာ ပဲနော်...

ဆိုတဲ့ အတွေးဝင်လာတဲ့အချိန်မှာ ...

ကိုယ်က ကိုယ့်ဒုက္ခကိုယ်ရှာတဲ့အပြင် ကိုယ့်ရဲ့ မိသားစုကိုပါ စိတ်မချမ်းသာစေပါလား..ဆိုတဲ့ အတွေးတွေက ဆိုးမိုးလာပါတယ်။ အဲဒါနဲ့  ကျနော်လဲ ဆေးလိပ်ဘူးကို ကျနော့်အခန်းက အမှိုက်ပုံထဲပြစ်လိုက်ပါတယ်။ ....

ရက်တွေကြာတော့ ကျနော်ဆေးလိပ်ပြန်သောက်ချင်လာပါတယ်... ကျနော့်အခန်းက အမှိုက်ပုံကလဲ နဂိုအတိုင်းပါပဲ... ဆေးလိပ် အပြည့်နဲ့ ပါ... သောက်မယ်လုပ်တိုင်း အဘွားရဲ့ ငိုသံက နားထဲမှာ ပဲ့တင်ထပ်နေတယ်ဗျာ...


ရှမ်းကလေး... (... ဖြတ်နိုင်ပါစေဗျာ... တခုခုပေါ့...)

No comments: