Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, March 30, 2010

အအေးဝိုင်း(၃) က ရည်စားချိန်းပုံ

အတွေးကိုယ်စီဖြင့် အအေးဆိုင်တွင်း ငြိမ်နေသော သူငယ်ချင်းနှစ်ယောက်သည်..ဟိုဟိုဒီဒီ လျှောက်တွေးနေရာမှ တစ်ယောက်က..

၁။ ။ “အပျိုတွေ၊ စကားပုံအကြောင်းတွေပြောရတာ စိတ်ညစ်တယ်ကွာ..”

၂။ ။ “ဒါဆို မင်းက ဘာအကြောင်းပြောချင်လို့ လဲ?”

၁။ ။ “အင်း........နိုင်ငံရေးအကြောင်းပြောရင် စိတ်မကောင်းဘူးတဲ့...ဒါပေမယ့် ရည်းစားအကြောင်းပြောရင် စိတ်ရွှင်တယ်တဲ့ကွ”

၂။ ။ “မင်းပဲ...စကားပုံတွေ အကြောင်းမပြောဘူးဆို?”

၁။ ။ “ကြားညက်ပြီးပါသွားတာပါကွာ..မင်းကလဲ..”

၂။ ။ “ဆိုတော့..?”

၁။ ။ “ရည်းစားအကြောင်းပဲပြောရအောင်ကွာ”

၂။ ။ “ပြောလေ...”

၁။ ။ “ ငါစဉ်းစားမရတာ တစ်ခုကို တိုင်ပင်ချင်တယ်ကွာ”

၂။ ။ “ဘာကိုလဲ..? ပြောစရာရှိရင် ရှင်းရှင်းပြောပါကွာ..အင်တင်တင်လုပ်မနေနဲ့ ..ဘာလဲ..အအေးမလောက်သေးလို့ လား?”

၁။ ။ “မဟုတ်ပါဘူးကွာ... ငါနားမလည်တာက ရည်းစားအများကြီးရှိတဲ့ကောင်တွေက တစ်ယောက်နဲ့  တစ်ယောက် လာမတွေ့ အောင် ဘယ်လိုများချိန်းကြသလဲဆိုတာပဲကွ”

၂။ ။ “ ဟာ...ဒါက လွယ်လွယ်လေးပါဗျာ”

၁။ ။ “ဟေ......ဘယ်လို လွယ်တာလဲကွ.. လင်းပါအုန်း ဆရာကြီးရယ်”

၂။ ။ “ မပြောခင် ခင်ဗျားကို တစ်ခုမေးမယ်..ခင်ဗျားအလုပ်က ဘယ်အချိန်ပြန်လာလဲ?”

၁။ ။ “ငါး။ ခြောက် နာရီပေါ့ကွာ“

၂။ ။ “ဒါဆို ခင်ဗျား ရည်းစားကို တွေ့ ဖို့ အချိန်ရှိလား?”

၁။ ။ “ ဘယ်ရှိမလဲကွ..အလုပ်က မောမောနဲ့ ဆို ထမင်းစားပြီး အနားယူမှာပေါ့”

၂။ ။ “ရုံးပိတ်ရက်ဆိုရင်ကော?”

၁။ ။ “ရုံးမပိတ်ခင်ကတည်းကကို အစီအစဉ်ဆွဲထားပြီးသားပေါ့ကွာ..မေးစရာလားလို့ ။ ဒါနဲ့ ဘာဆိုင်လို့ လဲကွာ?”

၂။ ။ “ဒါက ဒီလိုရှိတယ်လေ..။ အလုပ်ရှိတဲ့ လူတွေက အချိန်သိပ်မပေးနိုင်ဘူး ဟုတ်တယ်ဟုတ်?”

၁။ ။ “ဟုတ်တယ်လေ... ရည်းစားနဲ့ တွေ့ ဖို့ နေနေသာသာ... ပင်ပန်းလွန်းလို့  သေတော့မယ့်ဟာ..”

၂။ ။ “ ဒါပေမယ့် အလုပ်အားရက်ဆိုရင်တော့ ရည်းစားကို ကောင်းကောင်းအချိန်ပေးနိုင်တယ်မဟုတ်လား?”

၁။ ။ “ ဒါတော့ကွာ ရတောင့်ရခဲ အချိန်လေးကို အကျိုးရှိရှိ အသုံးပြုတတ်တဲ့ အကျင့်ဖြစ်နေတာကိုးကွ...ဟဲဟဲဟဲ”

၂။ ။ “ဟုတ်ပါပြီလေ..ရည်းစားထားတာလဲ စစ်တိုက်ရသလိုပဲဗျ။ ဥာဏ်ရှိရှိနဲ့  အစီအစဉ်သေသေချာချာ လုပ်ရတာပေါ့”

၁။ ။ “အတော်လာတဲ့စကားပါလား။ ပြောစရာရှိတာကိုသာ ပြောပါကွာ..။ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ ။ ”

၂။ ။ “ခုဏက ပြောသွားတဲ့ ဥပမာအတိုင်းပေါ့ဗျာ။ ရည်းစားများများထားဖို့  အစီအစဉ်ရှိရင် အလုပ်လုပ်တဲ့သူကို သာထားဗျ။ အလုပ်မရှိတဲ့ သူကို ထားဖို့ လုံးဝ စိတ်မကူးနဲ့ ”

၁။ ။ “ဘာဖြစ်လို့ လဲကွ... ရည်းစားကို ကပ်စားမလို့ လား?”

၂။ ။ “ဟာ..မဟုတ်တာ... အကျိုးနဲ့ အကြောင်းရှိတယ်လေ။ အလုပ်ရှိတဲ့ ရည်းစားဆိုရင်.. အလုပ်နားရက်မှာပဲ သူတို့ တွေ့ နိုင်မယ် မဟုတ်လား?”

၁။ ။“ ဟုတ်တယ်လေ။ ”

၂။ ။ “ ဒါကြောင့် အလုပ်ရှိတဲ့လူနဲ့  ရည်းစားထားတာတောင် over time (အချိန်ပို) ဆင်းတဲ့ လူနဲ့  အချိန်ပို မဆင်းတဲ့လူရယ်လို့  ခွဲပြီးထားရသေးတယ်ဗျ”

၁။ ။ “ ဘာဖြစ်လို့ ?”

၂။ ။ “တယ်ခက်ပါလားဗျာ။ တစ်ယောက်ကို အလုပ်ဆင်းတဲ့ အချိန်မှာ သွားကြိုပြီး အိမ်ပို့ လိုက်။ ပြီးရင် အချိန်ပို အလုပ်ဆင်းတဲ့ တစ်ယောက် ကို လာစောင့်ပေါ့။ ပြီးတော့ သူ့ ကို အိမ်ပို့ ပေါ့။ အဲဒါဆိုရင် တစ်ယောက်နဲ့  တစ်ယောက် အချိန်တိုက်နေမှာ မဟုတ်ဘူးလေ။ ”

၁။ ။ “အော်...အေးဟုတ်တာပဲ။ ဒါနဲ့  အလုပ်မရှိတဲ့ သူနဲ့  ရည်းစားဖြစ်ရင်ကောကွာ?”

၂။ ။ “ အလုပ်မရှိတဲ့သူဆိုရင် အချိန်တိုင်းအားနေတယ်မဟုတ်လား?”

၁။ ။ “အေး......ဟုတ်တယ်”

၂။ ။ “ဒါပေါ့..သူတို့ က အချိန်တိုင်းအားနေတော့ ဘယ်အချိန်မဆို ဖုန်းလဲ ဆက်နိုင်တယ်၊ ပြီးတော့ ချိန်းနိုင်တယ်လေ။ ကိုယ်က မသွားရင်လဲ အထင်အမြင်က မှားအုန်းမယ်.. မဟုတ်ဘူးလား?”

၁။ ။ “ဒါပေါ့...အမှန်အကန်ပဲ။ ”

၂။ ။“ ဟုတ်တာပေါ့ကွာ..ဒါကြောင့်မို့ လို့  ရည်းစားများချင်ပြီဆိုရင်တော့ အလုပ်ရှိတဲ့သူကို သာရှာဖို့ ပြောတာပေါ့ကွာ”

၁။ ။ “ ဟား...ခုမှပဲ ရှင်းသွားတော့တယ်ကွာ... လာ..ချကွာ”

ဟုဆိုကာ နှစ်ယောက်သား ခွက်တိုက်ရင်း အကုန်မော့်လိုက်သည်။ ပြီးနောက် ကုန်သွားသော အအေးများကို ကြည့်ကာ..

၁။ ။ “ကဲ ငါတို့ လဲ တော်တော်လေးကို ဆွေးနွေးပြီးပြီဆိုတော့ ပြန်ကြရအောင်ကွာ။”

၂။ ။ “ကောင်းသားပဲ”

၁။ ။ “ဟေ့ ငွေရှင်းမယ်ဟေ့”

၎င်းနောက်စားပွဲထိုးလေးရောက်လာတော့ ကျသင့်ငွေများကို ရှင်းလင်း၍ သူငယ်ချင်းနှစ်ယောက် ပြန်သွားခဲ့သည်။ အအေးဆိုင် အရှေ့ ထိုင်ခုံတွင် ထိုင်နေသော စုံတွဲ နှစ်ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ...

မိန်းကလေး။ ။ “ ရှင်တို့  ယောင်္ကျားတွေက ဒီလို ပဲလား?”

ယောင်္ကျားလေး။ ။ “ဟ..မဟုတ်ပါဘူး။ အားလုံးကို သိမ်းကျုံးပြီး မသတ်မှတ်ပါနဲ့ ကွာ”

ဟုအချင်းချင်းပြောကာ ခုဏက သူငယ်ချင်းနှစ်ယောက်ပြောခဲ့သည်များကို နှစ်ယောက်သား ပြန်လည်စဉ်းစားသုံးသပ်ရင်း.. သိတ်စိတ်မှုက ကြီးစိုးသွားသည်။


ရှမ်းကလေး

No comments: