နဘားဘူတာကို ရထားဆိုက်တယ်ဆိုရင်ပဲ ကျနော်တို့ ဟာ အထုပ်အပိုးတွေပြင်ဆင်ပြီး အပေါက်ဝမှာသွားစောင့်ပါတယ်။ ရထားလုံးဝ မရပ်ခင်မှာပဲ အမြန်အဆန်ဆင်းလိုက်တယ်ဗျာ..အတွေ့ အကြုံမရှိလို့ လားမသိဘူး အကြော်သည်နဲ့ တိုက်မိတာ ကံကောင်းလို့ ဗျာ မဖိတ်သွားတာ။ မဟုတ်ရင်တော့ တော်တော်လေးကို အခက်ကြုံရမယ်။
ဆင်းပြီးတာနဲ့  ကသာကိုသွားမယ့်ကားဆီကို သုတ်ခြေတင်ပြေးရပါတယ်။ အရေးထဲမှ ကားမရောက်ခင်မှာ လက်မှတ်စစ်ကလဲ လက်မှတ်..လက်မှတ် ဆိုပြီးစစ်နေသေးတယ်ဗျ။ ကျနော်တို့ လဲ...နောက်မှာ..နောက်မှာ..ဆိုပြီးကားဆီကိုတာ ချီတက်သွားပါတယ်။
အဲ...ကားဆီကို ဘာဖြစ်လို့ အဲဒီလောက် အပြင်းသွားနေတာလဲဆိုပြီးတော့ သံသယ ရှိနေမယ်ထင်တယ်။ အကြောင်းကဗျာ.. ကသာ ကိုသွားမယ့်ကားက တစ်စီးထဲရှိတာလေ။ နောက်ကျရင် ထိုင်ခုံမရတာတို့  တခါတစ်လေ ကားမမှီလိုက်တာတို့  တွေရှိတယ်လေ။ ဒါကြောင့် တစ်ရောသောပါး ပြေးရတာပါ။ ကားမမှီရင်တော့ နောက် ရထားဆိုက်တဲ့အထိ စောင့်ရတယ်လေ။ အဲဒါမှာ ကားစရာက ခရီးသည်တွေရပြီး ထွက်မှာ...။
ကားဆီကိုရောက်တော့ အလုအယက် တက်ရတယ်လေ။ နေရာရချင်တာကိုး.. ကားကိုတက်ဖို့ လှေကားကလဲ ကျနော့် ဒူးခေါင်း ကျော်ကျော်မြှင့်တယ်ဗျ။ (ကျနော့် အရပ်က 5 ပေ 6 လေ၊ အမြင့်ကို မှန်းကြည့်ပေါ့ဗျာ)။ ကားပေါ်ရောက်ပြီး နေရာရပြီးတော့ ကားကစထွက်ပါတော့တယ်။ ကံကောင်းတယ်ပြောမလား...ကံမကောင်းဘူးလားတော့ မသိဘူး.. ကားက ချောင်ချောင်ချိချိ ပါပဲ။ (စိတ်ထဲမှာတော့ အဲလိုမှန်းသိရင် အကြော်သည်ကို မတိုက်မိအောင်လုပ်ပါတယ်ပေါ့လေ.. ဒီကပဲ တောင်းပန်ပါတယ်နော် ဆိုင်ရာ ဆိုင်ရာ အကြော်သည်ကိုပေါ့လေ။)
ကားပေါ်ရောက်ပြီးတော့ ကျနော့်နံဘေးမှာ ခရီးသည်တစ်ယောက်လာထိုင်ပါတယ်။ ကျနော့်ကို မေးတယ်လေ ဒီကားက ကသာကို သွားမှာလားတဲ့။ ဟ..ပြောရရင်လဲအခက်သားဗျ..ဘာဖြစ်လို့ လဲဆိုရင် ဒါက ကျနော့်ရဲ့  ပထမ ခရီးစဉ်လေ.. အဲ.. ကျနော်လဲ ခပ်တည်တည်နဲ့  ဟုတ်တယ်ဗျ လို့ ဖြေလိုက်ပါတယ်။
ဖြစ်ချင်တော့ ကျနော့်နံဘေးက ခရီးသည်ကလဲ ကားပေါ်ရောက်တာနဲ့  ဆေးလိပ်ထိုင်သောက်နေတယ်ဗျ။ ကျနော်ကတော့ တခြား ခရီးသည်တွေကို သူ့ အစား အားနာနေမိပါတယ်။ အဲလိုနဲ့  ကားတစ်ခေါက်ရပ်တိုင်း သူကလဲ ကသာရောက်ပြီလား ဆိုပြီးတော့ မေးတယ်လေ..ကျနော်ကလဲ ခပ်တည်တည်ပဲပေါ့..မရောက်သေးဘူးလို့  ဖြေနေစဲပါပဲ။ နောက်ဆုံးတော့ ကသာမြို့ ကို ရောက်သွားပါတယ်။ ကျနော့်နံဘေးက ခရီးသည်လဲ ရောက်ပြီလားမေးတာပေါ့။ ကျနော်လဲ မရောက်သေးဘူးထင်တယ် လို့  ဖြေလိုက်ယုံလေးပဲရှိပါတယ်.. ခရီးသည်တွေအားလုံးက ဆင်းသွားတယ်လေ။ ဆိုတော့ ရောက်သွားတယ်ပေါ့ဗျာ။ (နည်းနည်းတော့ အရှက်သားဗျ)
ကားပေါ်ကဆင်းပြီးတဲ့ အချိန်မှာ ကသာ တစ်မြို့ လုံးက မှောင်မည်းနေတယ်လေ။ အကြောင်းရင်းက မိုးရွာသာများလို့  တဲ့ဗျာ။ ( ကျနော်နေတဲ့ မြို့ မှလေ.. မိုးရာသီကျတော့ ရေလျှံလို့ တဲ့ မီးမလာဘူး၊ နွေရာသီမှာ ကြတော့ ရေခန်းလို့ တဲ့ မီးမလာဘူး၊ လူ့ အလိုက်တော်တော်လေးကို လိုက်ရခက်တယ်နော်..ဟင်း..)။ အဲလိုနဲ့  လိုရာခရီးကို ဆိုက်ကားဌားပြီး သွားတယ်ဗျ။ မှောင်မှောင် မည်းမည်းထဲမှာ ကျနော်တောင်ခပ်လန့် လန့် ဖြစ်နေတယ်။ လန့် တာက မတော်လို့  တစ်ခုခုနဲ့ ဝင်တိုက်မှာ ဆိုးလို့ လေ။
နောက်ဆုံးတော့ လိုရာခရီးကို ရောက်ပြီး တစ်ညသာ ကုန်သွားတယ်။ မနက်ရောက်တော့ ဗိုက်ကဆာလာတာနဲ့  လဖ္ဘက်ရည်ဆိုင် မှာ ကြာကွေ့ ကို အစာပြေစားတယ်။ စားပြီးတော့ ကသာဈေးထဲမှာ ထပ်သွားစားတယ်ဗျ။ (အစားကြီးတာမဟုတ်ပါဘူး၊ စမ်းပြီး စားကြည့်တာလေ)
အဲဒါက ဈေးထဲမှာသွားစားတာပါ။ သူ့ ဟာက နန်းကြီးသုပ်လိုပါပဲ။ အဲဒါနဲ့  အတူ ဟင်းရည်နဲ့  (ရှမ်းအကြိုက်) မုန်ညှင်းချဉ် ပါချထားပေးပါတယ်။ တော်တော်လေးကို စားလို့ ကောင်းတဲ့အတွက် လဖ္ဘက်ရည်နဲ့  အီကြာကွေးစားပြီးတာတောင် ကျနော် နှစ်ပန်းကန် လွေးလိုက်သေးတယ်။ စားပြီးသွားတော့ အချိုပွဲ ဆိုပြီး ဈေးအပြင်ဘက်မှာ ဖလူသာ၊ မလိုင် လေးတွေ သွားသောက်လိုက်သေးတယ်။ (အစားကြီးတာ မဟုတ်ပါဘူး၊ စားနိုင်တာပါ)။
သောက်ပြီးသွားတဲ့ အချိန်မှာ ကသာမြို့ နဲ့ ကပ်လျှက် ဧရာဝတီမြစ်တစ်လျှောက် သွားရောက်လည်ပတ်ပါတယ်။ ပြောမယ်ဆိုရင် ကသာ မြို့ ဟာ ဧရာဝတီမြစ်ကြီး နဲ့  အပြန်အလှန် အမှီအဟဲ ပြုနေရပါတယ်။ ဧရာဝတီမြစ်ကြီးကြောင့် ကူးသန်းရောင်း ၀ယ်ရေးကလဲ ကောင်းမွန်ပါတယ်။
အပေါ်ကတွေ့ ရတဲ့ ပုံကတော့ ဧရာဝတီမြစ်ကြီးနဲ့  ကုန်စည် သယ်တဲ့ လှေတွေဖြစ်ပါတယ်။ အဲလိုမျိုးလှေတွေကို မြစ်ရိုးတစ်လျှောက် တွေ့ ရပါတယ်။
လမ်းတစ်လျှောက် လျှောက်လှမ်းလာပြီးတဲ့အခါမှာ မြစ်နဲ့ ကပ်ရပ်
ဘုန်းကြီးကျောင်းကို တွေ့ ရပါတယ်။ တော်တော်လေးကို ကြည်ညိုစရာကောင်းပါတယ်။ အဲလိုနဲ့  ဆက်လျှောက်လိုက်ရင် ရှေ့ မှာ တည်းခိုခန်းတွေကို တွေ့ ရပါတယ်။ နိုင်ငံခြားမှာ နေတဲ့သူတွေအတွက်ပေါ့နော်၊ တည်းခိုခန်းက လေအေးစက်မရှိပါဘူး။ ပြောင်ပါပဲ။ ဘယ်လို ပြောင်လဲဆိုတော့ ဘာမှ မရှိဘူးပေါ့လေ။ (nothing is nothing ပေါ့ဗျာ၊ ရှင်းစရာမလိုအောင်ကို ရှင်းတာပေါ့နော်)
ထားပါတော့။ ဘုန်းကြီးကျောင်းကိုတွေ့ ပြီးရင် အပေါ်ပိုင်း (မြောက်ပိုင်း) တည့်တည့်လျှောက်လာ ပြီးတော့ ဘယ်ဘက်ကို ချိုးလိုက်ရင် အမောဖြေစရာ ခုလိုမျိုး
မြန်မာစည်ဘီယာဆိုင်လေးကလဲ အသင့်ပဲဗျ။ နေကပူ၊ လူကမောရင်တော့ တစ်ခွက်တစ်ဖလား လောက်ဝင်သောက်ရင်လဲ မဆိုးပါဘူးလေ။ ရင်မှာအေးပြီး အမောဖြေနိုင်တယ်ပေါ့လေ။ (ကျနော်တော့ မစမ်းကြည့်မိဘူးပဲ)
အဲလိုနဲ့  နေညှိချိန်ရောက်တော့ (ထန်းရေသောက်ဖို့  ပြောတာမဟုတ်ပါဘူး)၊ ကျောင်းသား၊သူ တွေပြန်လာတာကို ကြည့်ရ တာလဲ ငယ်ငယ်တုန်းက ဘ၀ကို ပြန်ပြီးသတိရမိစေတဲ့ အပြင် လွမ်းဆွတ်မှုတွေကိုလဲ သယ်ဆောင်လာပါတယ်။ ( အချစ်ဦး တွေရှိခဲ့ရင်ပေါ့လေ။ (ခြွင်းချက် အပျို၊ လူပျိုများ။ သူတို့ က အချစ်ကိုစွန့် လွတ်လိုက်လို့ ပါ..ထင်တာပေါ့နော်))
ညနေရောက်တော့ ကသာမြို့ က ထွက်ခွာရတော့မယ်ဆိုတာနဲ့  ဗိုက်ကလဲဆာလာတယ်လေ (တော်တော် ဆာတတ်တဲ့ ဗိုက်ပဲလို့  ထင်မယ်နော်။ မထင်နဲ့ လေ ကျနော့် weight က 73 kg ရှိတယ်လေ၊ စားနိုင်တယ်ပေါ့..ဟဲ..ဟဲ) ၊ ဒါနဲ့  ကျနော် တို့ လဲ ကသာက ဈေးသက်သာ၊ စားလို့ လဲကောင်း (နာမည် ကြီးမကြီးတော့မသိပါဘူး)တဲ့
အပေါ်ကဆိုင်လေးကို ရောက်ခဲ့တယ်ဗျ။ ကြားရသလောက်တော့ ဒီဆိုင်လေးဟာ တစ်နေ့ ကို နှစ်သောင်း၊ သုံးသောင်းလောက် အမြတ်ရတယ်ဆိုပဲ။ (အမြတ်နော် အမြတ်၊ အရင်းမပါသေးဘူး)။ တော်တော်လေး စိတ်ကောင်းရှိပြီး ဧည့်ဝတ်ကျေပွန် ပါပေတယ်။ ကြေငြာပေးတာ မဟုတ်ပါဘူး။ တော်တော်လေးကို ကောင်းပါတယ်။ အဲဒီနေ့ တုန်းက ကျနော်တို့ စားတာက ကောက်ညှင်း၊ ပယာကြော်၊ ကြက်သွန်နီကြော်၊ ဘူးသီးကြော်တွေပါ။
အပေါ်ကပုံတွေကြည့်ခြင်းအားဖြင့် ကျနော့်သူငယ်ချင်းတွေ စားချင်စိတ်ရှိမယ်လို့  ကျနော်ထင်တယ်လေ။ (ကျနော်တောင် ကြည့်ရင်း ဗိုက်ဆာလာသလို ခံစားရတယ်ဗျ) ။
ဒီပုံလေးကတော့ ကောက်ညှင်း (ကျနော့်အကြိုက်ပေါ့လေ) ကို အနီးကပ်ဆွဲထားတယ်လေ။ ဗိုက်ဆာရင် ကိုယ့်ကိုယ်ကို ဒုက္ခပေးဖို့ ပေါ့....မဟုတ်ပါဘူး... ကိုယ်စားခဲ့တဲ့ဟာကို ပြန်သတိရပြီး သူ့ ရဲ့  အရသာကို ပြန်ခံစားလိုက်တယ် ဆိုရင်ပဲ တော်တော်လေးကို အရသာခံစားရပါတယ်ဗျာ။
မေ့သွားလို့ ဗျာ။ ကသာမြို့ အကျယ်ကတော့ ဆိုက်ကားနဲ့ ပတ်ရင် နာရီဝက်အတွင်းမှာ တစ်မြို့ လုံးနံ့ တယ်ဗျ။ ရှင်းရှင်းပြောရင် တော့ သိပ်မကျယ်ဘူးပေါ့လေ (လုံးဝကို မကျယ်တာ)။ ခရီးတစ်ထောက်နားဖြစ်ရင် ကသာမြို့ လေးက ကျနော်ပြောတဲ့ အစားအစာလေးကို စားပြီး စည်ဘီယာလေးကိုသောက်လို့ ၊ ဆိုက်ကားလေးနဲ့  မြို့ ကို ပတ်ပြီး၊ ဖလူသာ၊ မလိုင်ကို သောက်ဖြစ် ခဲ့ရင် ကျနော့်ကိုလဲ သတိရပါနော်။
ရှမ်းကလေး (ဆက်လက်ဖော်ပြပါမည်)
ရွင်ပြုံးနိုင်ပါစေ အမြဲတမ်း
ရင်မှာလန်းလို့  စိတ်မှာပျော်ရွင်
ပြုံရယ်နေလျင် အသက်ရှည်၏။
လေပြေ
Wednesday, September 16, 2009
Subscribe to:
Post Comments (Atom)
1 comment:
ကသာသားတစ်ကောင်လာဖတ်သွားတယ်ဗျို့
Post a Comment